ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာ

0
234

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အုပ်ချုပ်မှုနယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းမှ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တို့အား စစ်အုပ်ချုပ်ရေး Martial Law ထုတ်ပြန်ကြေညာလိုက်‌သည်။

အဆိုပါ အမိန့်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် (၁/၂၀၂၄) အရ ယနေ့ ဖေဖော်ဝါရီ (၂၈) ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

တိုင်းမှူးသည် အချိန်နှင့်တပြေးညီ ပြောင်းလဲဖြစ်ပေါ်နေသည့်အခြေအနေများပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း ၊ စစ်နယ်မှူးများကို တာဝန်ပေး၍သော်လည်းကောင်း စစ်အုပ်ချုပ်ရေးကို ကျင့်သုံးနိုင်ကြောင်း သိရသည်။

ယနေ့ ရက်စွဲဖြင့် တဆက်တည်း ထုတ်ပြန်ခဲ့သည့် စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် (၂/၂၀၂၄) စစ်အုပ်ချုပ်ရေး ကြေညာထားသည့် နယ်မြေအတွင်းရှိ ဒေသအုပ်ချုပ်ရေးအဖွဲ့အသီးသီး ၎င်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို တိုင်းမှူး၏ ကွတ်ကဲမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းညွှန်ကြားထားသည်။

ထို့အပြင် တိုင်းမှူးသည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း စစ်နယ်မြေမှူးများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် အမိန့်ထုတ်ပြန်ခန့်အပ်နိုင်ကြောင်း သိရသည်။

ထို့အပြင် တိုင်းမှူးသည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း မိမိကိုယ်တိုင်ဖြစ်စေ၊ တိုင်းမှူးမှ တာဝန်လွှဲအပ်ထား‌သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ်အဖွဲ့ဖြင့်ဖြစ်စေ အုပ်ချုပ်ရေး၊တရား စီရင်ရေး၊ပြစ်ဒဏ်ချမှတ်ခြင်းများကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။

အုပ်ချုပ်ရေးအနေဖြင့် လုံခြုံရေး၊ လူမှုရေး ၊ ကုန်သွယ်ရေး ၊ သယ်ယူပို့ဆောင်ရေးတို့ကို တိုင်းမှူးက မိမိကိုယ်တိုင်ဖြစ်စေ၊ တိုင်းမှူးမှ တာဝန်လွှဲအပ်ထား‌သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ်အဖွဲ့ဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်ပြီး တရားစီရင်ရေးနှင့် ပတ်သက်၍ အရပ်ဖက် တရားရုံးများအပြင် စစ်ခုံရုံးဖြင့်လည်း ပြစ်မှု စီရင်နိုင်ကြောင်း သိရသည်။

ထို့အပြင် ပြစ်ဒဏ်စီရင်မှုများ အနေဖြင့်လည်း ‌ေ-သဒဏ် ၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့် ထောင်ဒဏ် နှင့် သက်ဆိုင်ရာ ပြစ်မှုများအရ ပြဌာန်းထားသည့် အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်နိုင်ကြောင်းလည်း အခွင့်အာဏာ ပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here