ပေကျင်းနဲ့ မော်စကိုအနေဖြင့် အာရှ-ပစိဖိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေး ဆောင်ရွက်သင့်ကြောင်း တရုတ် ပြောကြား

0
141

တရုတ်နဲ့ ရုရှားနိုင်ငံတို့ အနေဖြင့် အာရှ-ပစိဖိတ်ရေးရာတွေမှာ ဆက်သွယ်ဆောင်ရွက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေကာ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးတွဲ ကာကွယ်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးမှုတွေအတွက် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ မော်စကို ရောက်ရှိခဲ့တဲ့ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆန်းဝေဆောင်က တရုတ်နဲ့ ရုရှားတို့ဟာ ရာစုနှစ်ရဲ့ ပြောင်းလဲလာသော အခြေအနေများအရ မြဲမြံတဲ့တည်ငြိမ်မှုတစ်ခုအဖြစ် ပိုမိုကောင်းမွန်သော အခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့ ဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဆိုခဲ့ပါတယ်။

နိုင်ငံတကာ ဘက်ပေါင်းစုံ ပလက်ဖောင်းတွေမှာ နှစ်နိုင်ငံအကြား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု စဉ်ဆက်မပြတ် အားကောင်းခိုင်မာစေဖို့ရာ တရုတ်နိုင်ငံက အသင့်ရှိတယ်လို့ ဆန်းက မော်စကိုမှာ ပြောကြားခဲ့ပါတယ်။

ဆန်းရဲ့ မော်စကို ဆွေးနွေးမှုတွေအတွင်း ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ၂၀၀၁ ခုနှစ်က တရုတ်နဲ့ ရုရှားတို့ တည်ထောင်ခဲ့တဲ့ Eurasian နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ လုံခြုံရေးနဲ့ ကာကွယ်ရေးအဖွဲ့အစည်းတို့ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်နဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

ယူကရိန်းအရေး၊ ကိုရီးယားကျွန်းဆွယ် အခြေအနေနဲ့ အခြား နိုင်ငံတကာနဲ့ ဒေသတွင်းဆိုင်ရာ ထိပ်တန်းအကြောင်းအရာတွေအပေါ် တရုတ်နဲ့ ရုရှားနှစ်နိုင်ငံ အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပေမယ့် ဆွေးနွေးမှုတွေရဲ့ အသေးစိတ်အချက်တွေကိုတော့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာ မဖော်ပြခဲ့ပါဘူး။

ရုရှားရဲ့ ယခုနှစ် BRICS ဥက္ကဋ္ဌရာထူးနေရာကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ဆန်းက ပြောဆိုခဲ့ပါတယ်။ ဘရားဇီးနိုင်ငံရဲ့ တောင်းဆိုချက်အရ ၂၀၂၄ ခုနှစ်အတွက် ဥက္ကဋ္ဌနေရာကို ရုရှားက လွှဲပြောင်းရယူခဲ့ပြီး BRICS ထိပ်သီးအစည်းအဝေးကိုတော့ အောက်တိုဘာလအတွင်း ကာဇန်မြို့မှာ ကျင်းပဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

BRICS ဟာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတို့ ပါဝင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

Ref: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here