ကမ်းလွန်သဘာဝ ဓာတ်ငွေ့ စီမံကိန်းများအချို့ နှစ်ကာလကြာမြင့်နေပြီဖြစ်သည့်အတွက်အထွက်လျော့နေ

0
156

ယခုလက်ရှိ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ပေးလျက်ရှိသည့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့ စီမံကိန်းများသည် နှစ်ကာလ ကြာမြင့်ပြီဖြစ်သဖြင့် အချို့စီမံကိန်းများသည် ထွက်ရှိမှုလျော့နည်း ကျဆင်းလာနေပြီ ဖြစ်ကြောင်းစွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများ တိုးမြှင့်အကောင်အထည်ဖော်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီ (၂၈) ရက်တွင်ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သဘာဝ ဓာတ်ငွေ့များကို ကုန်ကြမ်းအနေဖြင့် အသုံးပြုနေခြင်းထက် ရေရှည်တွင် ထုတ်ကုန် အဖြစ်ပြောင်းလဲ ထုတ်လုပ်သွားရန် စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လက်ရှိ စီမံကိန်းများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဆောင်ရွက်ဆဲ စီမံကိန်းများကို သတ်မှတ်ထားသည့် အချိန်အတွင်းပြီးစီးရေး၊ စီမံကိန်း အသစ်များ ထပ်မံဖော်ဆောင်နိုင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် ၎င်းကပြောကြားခဲ့သည်။

ထို့အပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်း၏ သဘောသဘာဝသည် အရင်းအနှီးများပြားပြီး စွန့်စားလုပ်ဆောင်ရမှုလည်းကြီးမားသည့်အတွက် ခေတ်မီနည်းပညာများ အသုံးပြုခြင်းဖြင့်သာ စွန့်စားလုပ်ဆောင်ရမှု (Risk)ကိုလျှော့ချနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုများပြားသဖြင့် ပြည်တွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများကိုပါ ဖိတ်ခေါ်ကာ ပူးပေါင်းလုပ်ကိုင်ရသည်ဖြစ်၍ နှစ်ဖက်သဘောတူစာချုပ်စာတမ်းများ ချုပ်ဆိုဆောင်ရွက်ကြရာတွင် နိုင်ငံတော် အတွက်ဆုံးရှုံးနစ်နာမှုမရှိစေရေး သက်ဆိုင်ရာနယ်ပယ်တွင် ကျွမ်းကျင်သည့် ဥပဒေပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်၍ ချုပ်ဆိုနိုင်ရန် အရေးကြီးကြောင်းလည်း ၎င်းက ဆိုသည်။

ထို့နောက် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကုန်းတွင်းနှင့် ကမ်းလွန်စီမံကိန်းများမှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ရေတိုရေရှည် ဆောင်ရွက်သွားမည့် အစီအမံများကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here