ပြည်ပဆန်တင်ပို့မှုလိုင်စင် ပုံမှန်အတိုင်းသာခွင့်‌ပြုပေးနေဟုဆို

0
169

ပြည်ပဆန်တင်ပို့မှုနှင့်ပတ်သက်၍ လိုင်စင်ထုတ်ပေးခြင်းကို ရပ်ဆိုင်းမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယနေ့ ဖေဖော်ဝါရီ (၂၉) ရက်အထိ ပုံမှန်အတိုင်းလုပ်ဆောင်ပေးနေကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။

” လိုင်စင်နဲ့ပတ်သက်ပြီးတော့ တရားဝင်ထုတ်ပြန်ထားတာတော့ မရှိသေးဘူး ။ ငွေကြေးမူဝါဒတော့ ပြောင်းလဲထားတာတော့ရှိတယ်။ ၇၀/၃၀ ရာခိုင်နှုန်းပေါ့။ ၇၀ ရာခိုင်နှုန်းသည် ဗဟိုဘဏ်သတ်မှတ်ပေးထားတဲ့ ဈေးနှုန်းနဲ့လဲလှယ်ပေးရမယ်။ ကျန် ၃၀ ရာခိုင်နှုန်းကို Exchange Rate နဲ့ရောင်းရမယ်” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောသည်။

အဆိုပါ မူဝါဒသည် မတ်လ (၃၁) ရက်အထိသာ အကျုံးဝင်မည်ဖြစ်ပြီး ယင်း ၇၀ ရာခိုင်နှုန်းမှဒေါ်လာများကို ဒီဇယ်တင်သွင်းသူများအား ဦးစားပေးရောင်းချပေးသွားမည်ဖြစ်ကာ ၉၂ ၊ ၉၅ တင်သွင်းသူများကို ဒုတိယ ဦးစားပေးအနေဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ဆန်ဈေးကွက်တည်ငြိမ်စေရန်အတွက် ကျန်ရှိနေသည့်ကာလအတွင်း ပြည်ပဆန်တင်ပို့မှုလျှော့ချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားထားသည်။

ဆန်စပါးလုပ်ငန်းကိစ္စများ ဆောင်ရွက်နေမှုအခြေအနေများအပေါ် ရှင်းလင်းပြောကြားသည့် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ငွေလဲနှုန်းမူဝါဒကြောင့် ပို့ကုန်တင်ပို့သူများအတွက် တွက်ချေမကိုက်သဖြင့် တင်ပို့မှုလျော့ကျခဲ့ကြောင်း သိရသည်။

ထို့ပြင် ပုံမှန်အားဖြင့် ပြည်ပသို့ နှစ်စဉ်တန်ချိန် ၂ ဒသမ ၁ သန်းတင်ပို့လေ့ရှိသော်လည်း ယခုဘဏ္ဍာနှစ်တွင် တန်ချိန် တစ်သန်းကျော်သာ တင်ပို့နိုင်တော့မည်ဖြစ်ပြီး ဝင်ငွေအား ဖြင့် သန်း ၇၀၀ ဝန်းကျင်ရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here