တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၆၉) ခုသာဖွင့်နိုင်မည်

0
173

စစ်ရေးတင်းမာမှုနှင့် တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်သူများအတွက် စာစစ်ဌာန (၆၉) ခုသာ ဖွင့်လှစ် ကျင်းပမည်ဖြစ်သည်။

မတ်လအတွင်း ကျင်းပမည့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဖေဖေါ်ဝါရီ (၂၉) ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် လုံခြုံရေးအခြေအနေများအရ ရခိုင်ပြည်နယ်အတွင်း၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၆၉) ခုသာ ကျင်းပစစ်ဆေးသွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောကြားခဲ့‌ခြင်းဖြစ်သည်။

ယင်းသို့ ကျင်းပရာတွင် စာစစ်ဌာနများအား တည်နေရာ‌ရွှေ့ပြောင်းစစ်ဆေးခြင်းနှင့် သင့်တော်ရာ စာစစ်ဌာနများအလိုက်ပေါင်းပြီး စစ်ဆေးခြင်းများ လုပ်ဆောင်သွားမညိဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်အတွင်းက စတင်ကာ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့သည့် အတွက် ဒေသခံပြည်သူလူထုအတွက် လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေလည်း ဖြစ်သည်။

ယင်းကဲ့သို့ အခြေအနေမျိုးတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ လုံခြုံစိတ်အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရေး စိုးရိမ်မှုများလည်း ရှိကြကြောင်း ဒေသခံ ကျောင်းသားမိဘအချို့ကဆိုသည်။

” တိုက်ပွဲက နေ့စဉ်ရက်ဆက်လိုဖြစ်နေတာလေ။ ဟိုမှာဖြစ်လိုက် ဒီမှာဖြစ်လိုက်နဲ့။ ဟိုဘက်နား ငြိမ်သွားရင် ဒီဘက်မှာဖြစ်ပြန်ရော။ ဒါမျိုးအခြေနေဆိုတော့ စိုးရိမ်ကြတာပေါ့။ ကောင်းကောင်းမွန်မွန် ဖြေနိုင်ပါ့မလားဆိုတာကိုကောပေါ့ ” ဟု မင်းပြားမြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ပြည်နယ်အစိုးရအနေဖြင့်လည်း လာမည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်အဆင့် ကော်မတီများဖွဲ့စည်း လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ထို့အပြင် စာမေးပွဲ မေးခွန်းလွှာနှင့် အဖြေလွှာများကို သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးများသို့ ပေးပို့ထားပြီး စာစစ်ဌာနများထံ အချိန်နှင့်တပြေးညီ ဖြန့်ဝေပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲကို လာမည့် မတ်လ (၁၁) ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဌာနမှ အသိပေးထုတ်ပြန်ထားပြီး ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here