ယခု (၁၁) လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ သန်းခွဲနီးပါးတင်ပို့ခဲ့

0
113

ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၏ (၁၁) လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၄၂၉ သန်းတင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါ တင်ပို့မှုမှ ပို့ကုန်‌ဝင်ငွေအနေဖြင့် ကန်ဒေါ်လာ ၇၁၂ ဒသမ ၄၈၇ သန်းရရှိခဲ့ကြောင်း သိရသည်။

ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလမှ စက်တင်ဘာလအထိ ဆန်နှင့်ဆန်ကွဲတန်ချိန် သောင်းဂဏန်းမျှသာ တင်ပို့နိုင်ခဲ့သော်လည်း အောက်တိုဘာလမှစတင်၍ တန်ချိန်တစ်သိန်းအထက် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် တန်ချိန် ၁၇၀,၀၀၀ ကျော်အထိ တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်း ၉၀ အထိ ရရှိခဲ့ကာ ဒီဇင်ဘာလတွင် တန်ချိန် ၁၉၅,၀၀၀ ကျော်တင်ပို့ခဲ့ပြီး ဒေါ်လာ ၉၉ သန်း၊ ဇန်နဝါရီလတွင် တန်ချိန် ၂၁၀,၀၀၀ တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာ ၁၁၀ သန်းနှင့် ဖေဖော်ဝါရီလတွင် တန်ချိန် ၂၆၀,၀၀၀ ကျော်အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်း ၁၄၀ နီးပါးအထိ ရရှိခဲ့ခြင်းဖြစ်သည်။

ပြည်တွင်း၌ ဆန်ဈေးကွက်တည်ငြိမ်စေရန်အတွက် ကျန်ရှိနေသည့်ကာလအတွင်း ပြည်ပဆန်တင်ပို့မှုကို လျှော့ချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားထားသည်။

ပုံမှန်အားဖြင့် ပြည်ပသို့နှစ်စဉ်တန်ချိန် ၂ ဒသမ ၁ သန်းတင်ပို့လေ့ရှိသော်လည်း ယခုဘဏ္ဍာနှစ်တွင် တန်ချိန် တစ်သန်းကျော်သာ တင်ပို့နိုင်တော့မည်ဖြစ်ပြီး ဝင်ငွေအားဖြင့် သန်း ၇၀၀ ဝန်းကျင်ရရှိမည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here