အလုပ်ထွက်ခဲ့သော ဆရာဝန်အချို့အား အလုပ်ပြန်ဝင်ရန် တောင်ကိုရီးယားအစိုးရကအမည်နှင့်တကွထုတ်ပြန်

0
127

ဆိုးလ်၊မတ် ၂

တောင်ကိုရီးယားအစိုးရသည် ဆန္ဒပြဆရာဝန်များအနက် ၁၃ ဦးအား ပထမဆုံးအကြိမ်အဖြစ် အမည်စာရင်းနှင့်တကွထုတ်ပြန်ကြေငြာခဲ့ပြီး လုပ်ငန်းခွင်ပြန်ဝင်ရန်ညွှန်ကြားခဲ့ကြောင်းသိရသည်။၎င်းတို့အနေဖြင့် ယခုညွှန်ကြားချက်အား လိုက်နာခြင်းမရှိပါက ပြစ်ဒဏ်အပေးခံရမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ယခုကဲ့သို့ ဥပဒေဖြင့်သတိပေးခြင်းသည် ဆန္ဒပြခြင်း သို့မဟုတ် ပြုပြင်ပြောင်းလဲရေးအစီအစဥ်အား ဝေဖန်ခြင်း၌ပါဝင်သည့် သင်တန်းသားဆရာဝန်များအပေါ်တောင်ကိုရီးယားအစိုးရ၏ တင်းမာသည့်သဘောထား ရပ်တည်ချက်ကိုပြသောလက္ခဏာတစ်ခုလည်းဖြစ်သည်။

ပထမဆုံးအကြိမ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနသည် ဆရာဝန် ၁၃ ဦး၏ လိုင်စင်နံပါတ်များနှင့် အလုပ်လုပ်ရာဆေးရုံများကို ဝဘ်ဆိုဒ်၌တင်ထားပြီး ၎င်းတို့အား လုပ်ငန်းခွင်ပြန်မဝင်ပါက လိုင်စင်ဆိုင်းငံ့ခံရခြင်းအပါအဝင် ရာဇ၀တ်မှုဆိုင်ရာစွဲချက်များနှင့်ပါ ရင်ဆိုင်ရနိုင်သည်ဟုလည်းညွှန်ကြားထားသည်။

သောကြာနေ့ကစ၍ အာဏာပိုင်များသည် ဆန္ဒပြခြင်းကိုအဆုံးသတ်ရန် ဖိအားပေးခြင်းကိုတိုးမြှင့်လုပ်‌ဆောင်လာခဲ့ပြီး တောင်ကိုရီးယားရဲတပ်ဖွဲ့သည် ကိုရီးယား ဆရာဝန်များအသင်းမှ တာဝန်ရှိသူများအားပစ်မှတ်ထားကာဝင်ရောက်စီးနင်းခဲ့သည်ဟုလည်းသိရသည်။

တောင်ကိုရီးယားအစိုးရသည် ဆန္ဒပြဆရာဝန်များအား ဖေဖော်ဝါရီ ၂၉ ရက်နောက်ဆုံးထားကာ လုပ်ငန်းခွင်ပြန်ဝင်ရန် ညွှန်ကြားထားသော်လည်း ဆန္ဒပြဆရာဝန်များ၏ သုံးပုံနှစ်ပုံခန့်ပမာဏရှိသည့် ဆရာဝန်ပေါင်း ၉,၀၀၀ နီးပါးသည် လုပ်ငန်းခွင်ပြန်ဝင်ခြင်းမရှိ‌ခဲ့ကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အေစီ


LEAVE A REPLY

Please enter your comment!
Please enter your name here