တက္ကသိုလ်ဝင် စာမေးပွဲကို ရောက်ရှိဒေသမှဖြေဆိုလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများသို့ ဆက်သွယ်ကာဖြေဆိုခွင့်မဆုံးရှုံးရအောင်လုပ်နိုင်

0
147

၂၀၂၃-၂၀၂၄ ပညာရေးနှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရမည့်သူများအနက်မှ အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ ပြောင်းရွှေ့နေထိုင်ကြရသူများ အနေဖြင့် မိမိတို့ ရောက်ရှိနေသည့် ဒေသတွင် ဖြေဆိုလိုသူများရှိပါက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေကပြောသည်။

မတ်လ (၁) ရက်က တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုလာမည့် မတ် (၁၁) ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ အားလုံးဝိုင်းဝန်း လက်တွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ပညာရေးဝန်ကြီးက ပြောသည်။

ယခု ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ (၁၁) ရက်တွင် မြန်မာစာ၊မတ်လ (၁၂) ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ (၁၃) ရက်တွင် သင်္ချာ၊ မတ်လ (၁၄)ရက်တွင် ဓာတုဗေဒ / ပထဝီဝင်၊ မတ်လ (၁၅) ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ်လ (၁၆) ရက် ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တို့ကို ခြောက်ဘာသာလုံး နားရက် မရှိဆက်တိုက် ဖြေဆိုရမည်ဖြစ်သည်။

မတ်လ (၁၇) ရက်တွင် တစ်ရက်ပိတ်ကာ မတ်လ (၁၈) ရက်တွင် လူမှုရေးသိပ္ပံနှင့် မတ်လ (၁၉) ရက်တွင် စိတ်ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမည့်ရက်အလိုက် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here