ဝါရှင်တန်၊မတ် ၂
ဂါဇာကမ်းမြောင်ဒေသမှ ဒေသခံပြည်သူများကအစားအစာအတွက် တန်းစီစောင့်ဆိုင်းနေစဉ် အစ္စရေး၏တိုက်ခိုက်မှုကြောင့် အကူအညီရယူရန်စောင့်ဆိုင်းနေသူများ ရာနှင့် ချီ ၍ ေ-သဆုံးခဲ့ရသည်။
အဆိုပါဖြစ်စဉ်အပြီးတွင် အမေရိကသည်ဂါဇာကမ်းမြောင်ဒေသခံများအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသည့်အနေဖြင့် အမေရိကန်စစ်ဘက် C – 130 ကုန်တင်လေယာဉ်များပေါ်မှ ရိက္ခာများကြဲချပေးခဲ့သည်ဟုသိရသည်။
အဆိုပါလေယာဉ်သုံးစင်းသည် နံနက် ၈ နာရီ ၃၀ မိနစ်တွင် အစားအစာ ထုပ်ပေါင်း ၃၈,၀၀၀ ခန့်ပါဝင်သည့် အထုပ်ကြီး ၆၆ ထုပ်ကို ဂါဇာကမ်းမြောင်သို့ကြဲချပေးခဲ့ကြောင်းသိရသည်။
အဆိုပါရိက္ခာထုပ်များအား ဂါဇာအနောက်တောင်ပိုင်းရှိ မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းခြေတွင်ကြဲချခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးကပြောကြားခဲ့သည်။
ယခုအစီအစဉ်သည် သောကြာနေ့က သမ္မတဂျိုးဘိုင်ဒင်ကြေငြာခဲ့သည့် အစီအစဉ်များအရ ပထမဆုံး ကြဲချခဲ့ခြင်းဖြစ်ကာ အထောက်အကူပစ္စည်းများ ဂါဇာကမ်းမြောင်ဒေသသို့ပို့ဆောင်နိုင်ရန်အတွက်ပါ ဂျော်ဒန်နိုင်ငံနှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
စစ်ပွဲစတင်သည့် အောက်တိုဘာ ၇ ရက်ကတည်းက အစ္စရေးသည် ရာဖက်ဖ်ဒေသအား ဖြတ်ကျော်ဝင်ရောက်သည့် အကူအညီများမှလွဲ၍ အခြားဒေသများမှရိက္ခာ၊ရေ၊ဆေးဝါးနှင့် အခြားထောက်ပံ့ရေးပစ္စည်းများဝင်ရောက်မှုကို ပိတ်ပင်တားမြစ်ထားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ ၂ ဒသမ ၃ သန်း၏ လေးပုံတစ်ပုံသည် ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂကပြောကြားခဲ့ပြီး ယခုကဲ့သို့ လေကြောင်းမှ ကြဲချပေးခြင်းသည် ထိရောက်သောနည်းလမ်းမဟုတ်ကြောင်းနှင့် နောက်ဆုံးအားကိုးရာနည်းလမ်းတစ်ခုသာဖြစ်ကြောင်းလည်း အကူအညီပေးရေးအရာရှိများကပြောကြားခဲ့သည်။
Source : အေပီ