ထိုင်းနိုင်ငံ၌ အငှားကိုယ်ဝန်ဆောင်ခြင်းအား နိုင်ငံခြားသားများအတွက်ပါ တရားဝင်လုပ်ဆောင်နိုင်တော့မည်

0
220

ဘန်ကောက်၊မတ် ၁

ထိုင်းနိုင်ငံ၌ အငှားကိုယ်ဝန်ဆောင်လိုသော နိုင်ငံခြားသားစုံတွဲများအတွက် အငှားကိုယ်ဝန်ဆောင်ခြင်းဥပဒေကိုပြင်ဆင်ရန် အာဏာပိုင်များကပြင်ဆင်နေကြောင်း ထိုင်းနိုင်ငံကျန်းမာရေးဌာနမှသိရသည်။

လက်ရှိဥပဒေအရမူ ယင်းသို့အငှားကိုယ်ဝန်ဆောင်ခြင်းအားထိုင်းနိုင်ငံသားများကိုသာ တရားဝင်ခွင့်ပြုထားခြင်းဖြစ်သည်ဟုလည်း အဆိုပါဌာနလက်ထောက်ညွှန်ကြားရေးမှူးကပြောကြားခဲ့သည်။

ယခုပြင်ဆင်မည့်ဥပ‌ဒေတွင်မူ နိုင်ငံခြားသား စုံတွဲများပါ နိုင်ငံအတွင်း အငှားကိုယ်ဝန်ဆောင်မှုများ ရယူနိုင်မည်ဖြစ်ပြီး ၎င်းတို့အ‌နေဖြင့် ကိုယ်ဝန်ဆောင်နိုင်သည့်အလားအလာရှိသော အငှားမိခင်များကိုခေါ်ဆောင်လာနိုင်သကဲ့သို့ ဝန်ဆောင်မှုရယူနိုင်ရန်အတွက် ထိုင်းအမျိုးသမီးများကိုလည်းရွေးချယ်နိုင်သည်ဟုဆိုသည်။

ဌာနအနေဖြင့် သက်ဆိုင်ရာ စည်းမျဉ်းများကို ရေးဆွဲလျက်ရှိပြီး ဥပဒေကြမ်းအားအတည်ပြုပြီးပါက ထိုင်းသည် ကမ္ဘာပေါ်တွင် နိုင်ငံခြားသားများအား အငှားကိုယ်ဝန်‌ဆောင်ခြင်းကို တရားဝင်ခွင့်ပြုပေးသည့် ပထမဆုံးသောနိုင်ငံဖြစ်လာလိမ့်မည် ဟုလည်းပြောကြားခဲ့သည်။

ယခုဥပဒေအတည်ပြုပြီးပါက နိုင်ငံ၏ကျန်းမာရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းအခြေအနေလည်း ကောင်းမွန်လာနိုင်ပြီး လူကုန်ကူးမှုများကိုပါ အထိုက်အလျောက်လျှော့ချလိုက်နိုင်မည်ဖြစ်ကြောင်းလည်း အာဏာပိုင်များကပြောကြားခဲ့သည်။

နိုင်ငံခြားသားများအတွက် တရားမဝင်အငှားကိုယ်ဝန်‌ဆောင်ခြင်းအစီအစဉ်များသည် ထိုင်းနိုင်ငံရှိ အာဏာပိုင်များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်မှာ ကြာပြီးဖြစ်ကာ အေးခဲထားသည့်သုက်ရည်များနှင့် သန္ဓေသားလောင်းများအား နိုင်ငံတွင်းသို့ မှောင်ခိုတင်သွင်းခြင်းများကိုလည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းပါသိရသည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here