အပစ်ရပ်စဲရေး မူဘောင်ကို အစ္စရေးက သဘောတူထားပြီး ဟားမတ်စ်ဘက်က ဆုံးဖြတ်ဖို့သာရှိတော့ဟု အမေရိကန် ပြော

0
151

ဓ-ါးစာခံတွေ လွှတ်ပေးရေးနဲ့ ဂါဇာ အပစ်ရပ်စဲရေး အဆိုပြုချက်ကို အစ္စရေးက အခြေခံအားဖြင့် ထောက်ခံထားပြီးဖြစ်ကာ ယခုအခါ ဟားမတ်စ်ဘက်က ဒါကို သဘောတူဖို့သာလိုအပ်တော့တယ်လို့ အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက စနေနေ့မှာ ပြောဆိုပါတယ်။ အီဂျစ်မှာ ပြန်လည်စတင်မယ့် အပစ်ရပ်သဘောတူညီချက်ရရှိရေးဆိုင်ရာ ဆွေးနွေးမှုတွေ မတိုင်မီတစ်ရက်အလိုမှာ အခုလို ပြောဆိုလာတာဖြစ်ပါတယ်။

နိုင်ငံတကာ ကြားဝင်စေ့စပ်သူတွေဟာ မတ်လ ၁၀ ရက်မှာ စတင်ကျရောက်မယ့် မွတ်ဆလင် ဥပုသ်လ မတိုင်မီ တိုက်ခိုက်မှုတွေ ယာယီရပ်စဲဖို့အတွက် သီတင်းပတ်များစွာ လုံးပန်းဆောင်ရွက်ခဲ့ကြပါတယ်။ သဘောတူညီချက်အရ ငတ်မွတ်ခေါင်းပါးမှုအခြေဆိုက်လုဖြစ်နေတယ်ဆိုတဲ့ ဂါဇာမြောက်ပိုင်းက သောင်းနဲ့ချီသော ပါလက်စတိုင်းတွေထံ အကူအညီတွေ ရောက်ရှိလာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

သီတင်း ခြောက်ပတ်ကြာ အပစ်ရပ်စဲဖို့နဲ့ နာမကျန်းသူတွေ၊ ဒဏ်ရာရသူတွေ၊ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေ အပါအဝင် ထိလွယ်ခိုက်လွယ်သူတွေလို့ ယူဆတဲ့ ဟားမတ်စ်လက်တွင်းရောက် ဓ-ါးစာခံတွေ လွှတ်ပေးရဖို့လည်း ပါဝင်တဲ့ အဆိုပြုချက်အပေါ် အစ္စရေးဘက်က အနည်းနဲ့ အများ လက်ခံခဲ့တယ်လို့ ယင်းအရာရှိက ပြောဆိုပါတယ်။

“လက်ရှိမှာတော့ ဘောလုံးက ဟားမတ်စ်ကွင်းဘက်မှာ ရှိနေပြီး ဒါကို တတ်နိုင်သမျှ ဆက်ပြီး ပြင်းပြင်းထန်ထန် တွန်းအားပေးနေပါတယ်” လို့ အိမ်ဖြူတော်ရဲ့ မြေပြင်စည်းမျဉ်းတွေအရ အမည်ထုတ်ဖော်ခြင်းမပြုတဲ့ အဆိုပါအရာရှိက သတင်းထောက်တွေကို အကျဉ်းချုပ် ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့မှုကိုတော့ အစ္စရေးနဲ့ ဟားမတ်စ် တာဝန်ရှိသူတွေထံက လတ်တလောမှာ တုန့်ပြန်မှတ်ချက်ပေးခြင်း မရှိဘူးလို့လည်း သိရပါတယ်။

အီဂျစ်နဲ့ ကာတာ ကြားဝင်စေ့စပ်ရေးသမားတွေကတော့ တနင်္ဂနွေနေ့မှာ စတင်မယ့် ကိုင်ရို ဆွေးနွေးမှုအတောအတွင်း ဟားမတ်စ်ဘက်က တုန့်ပြန်မှုတစ်ခု ရလာမယ်လို့ မျှော်လင့်ထားကြကြောင်း အမည်မဖော်လိုတဲ့ အီဂျစ်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုပါတယ်။

ဂါဇာကမ်းမြောင် မြောက်ပိုင်းမှာ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေရတဲ့ ထောင်ပေါင်းများစွာသောလူတွေရဲ့ စိတ်ပျက်အားငယ်နေရမှုအပေါ် ဝေဖန်မှုတွေ တိုးလာနေစဉ် အပစ်ရပ်ဆွေးနွေးမှုတွေ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

The Business Standard


LEAVE A REPLY

Please enter your comment!
Please enter your name here