သတင်းပေါက်ကြားခဲ့သော Taurus ဒုံးကျည်များ ကိစ္စသည် ယူကရိန်းကိုပေးရန်ဆွေးနွေးခြင်းများ မဟုတ်ကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီးဆို

0
168

မကြာသေးမီက သတင်းပေါက်ကြားခဲ့သော Taurus ဒုံးကျည်များအသုံးပြုရန် အခြေအနေအမျိုးမျိုးကို ဂျာမန်စစ်တပ်အရာရှိများက ဆွေးနွေးကြခြင်းသည် ယူကရိန်းအား ယင်းဒုံးကျည်များထောက်ပံ့ရန် မီးစိမ်းပြနေခြင်းမျိုးမဟုတ်ကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius က ပြောကြားသည်။

“အရာရှိတွေဟာ တခြား ဘာအစီအစဉ်မှ အတိအကျမရှိဘဲ အမျိုးမျိုးသော အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး” ဟု Pistorius က သတင်းထောက်များအား ပြောကြားခဲ့သည်။ “Taurus ကိုအသုံးပြုရန် ကျွန်ုပ်နှင့်နိုင်ငံတော်အဓိပတိက မီးစိမ်းပြထားခြင်းမရှိပါ”ဟုလည်း သူကပြောသည်။

အရာရှိများသည် ယေဘုယျအားဖြင့် ဖြစ်နိုင်ချေရှိသော အခြေအနေများကို ဆင်ခြင်သုံးသပ်ခဲ့ကြခြင်းဖြစ်ကြောင်း သူကဆိုသည်။

“ဒါက ခေါင်းဆောင်တွေရဲ့ အလုပ်ပဲ” ဟုလည်း သူကပြောသည်။

Pistorius ၏အဆိုအရ ဂျာမန်စစ်ဖက်ဆိုင်ရာ အရာရှိများသည် သီးခြားအစီအစဉ်များကို မဆွေးနွေးခဲ့ကြသော်လည်း ဂျာမနီသည် ရုရှား-ယူကရိန်းပဋိပက္ခ၏တစ်စိတ်တစ်ပိုင်းမဖြစ်သင့်ကြောင်းကိုမူ အားလုံးက မှတ်ချက်ပြုထားကြကြောင်း သိရသည်။

ခရိုင်းမီးယားတံတားအား Taurus ဒုံးကျည်များအသုံးပြု၍ တိုက်ခိုက်နိုင်ဖွယ်ရှိသည်ဆိုသော ဂျာမနီ ထိပ်တန်းထောက်လှမ်းရေးသတင်းအပါအဝင် စစ်ရေးပေါက်ကြားမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုရလဒ်များ မကြာမီရရှိနိုင်လိမ့်မည်ဟု ဂျာမနီအာဏာပိုင်များက မျှော်လင့်ထားသည်။

ဂျာမနီနိုင်ငံထုတ် Bild am Sonntag သတင်းစာတွင် ဖော်ပြထားချက်အရ၊ အစိုးရသည် ပေါက်ကြားမှု မည်သို့ဖြစ်ပွားခဲ့သည်ကိုရက်ပိုင်းအတွင်း သိရှိနိုင်ပြီး သင့်လျော်သောအစီအမံများကို ဆုံးဖြတ်ရန် မျှော်လင့်ထားကြောင်း သိရသည်။ စနေနေ့တွင် ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာန၏ ဖုန်းပြောဆိုမှုအား ကြားဖြတ်ဖမ်းယူခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ဂျာမနီနိုင်ငံ အဓိပတိ Olaf Scholz က အခြေအနေကို ဆောလျင်စွာ စုံစမ်းစစ်ဆေးမည်ဟုလည်း ကတိပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here