မလေးရှားက MH370 လေယာဉ်ပျောက် ရှာပုံတော် ပြန်ဖွင့်ဖို့ရှိနေ

0
156
A relative holds a flower during an event held by relatives of the passengers and supporters to mark the 10th year since the Malaysia Airlines flight MH370 carrying 239 people disappeared from radar screens on March 8, 2014 while en route from Kuala Lumpur to Beijing, in Subang Jaya on March 3, 2024. (Photo by Arif Kartono / AFP)

လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရေပြင်မှာ ပျက်ကျသွားခဲ့တယ်လို့ ယုံကြည်ရတဲ့ MH370 လေယာဉ်ကို အမေရိကန် နည်းပညာကုမ္ပဏီတစ်ခုက ရှာဖွေမှုအသစ်လုပ်ဖို့ အဆိုပြုခဲ့ပြီးနောက် ယင်းလေယာဉ်ပျောက်ရှာပုံတော် အသစ်တဖန်ပြန်စနိုင်ကြောင်း မလေးရှားအစိုးရက တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

တက္ကဆက်အခြေစိုက် Ocean Infinity ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်က ပထမရှာဖွေထားတဲ့နေရာကနေ ချဲ့ထွင်ကာ ပင်လယ်ကြမ်းပြင်ကို ပိုက်စိပ်တိုက်စစ်ဆေးမယ့် “မတွေ့ ငွေမယူ” မူအတိုင်း ထပ်မံအဆိုပြုလာခဲ့တာဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်သိုနီလိုကီက ပြောဆိုပါတယ်။ လေယာဉ်ရဲ့ နောက်ဆုံးတည်ရှိနေရာကို ရှာဖွေရာမှာ သိပ္ပံနည်းကျ အထောက်အထားသစ်တွေကို စိစစ်အကဲဖြတ်နိုင်ဖို့အတွက် သူနဲ့ လာရောက်တွေ့ဆုံကြဖို့ ကုမ္ပဏီကို ဖိတ်ခေါ်ထားတယ်လို့လည်း ၎င်းက ပြောဆိုပါတယ်။

ယုံကြည်လောက်တဲ့ အထောက်အထားဖြစ်တယ်ဆိုရင် ရှာဖွေမှု အသစ်တဖန်ပြန်စရေး Ocean Infinity နဲ့စာချုပ်သစ်လက်မှတ်ရေးထိုးဖို့အတွက် အစိုးရအဖွဲ့ထံက ခွင့်ပြုချက်ရယူသွားမှာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

အစိုးရအနေနဲ့ MH370 ရှာတွေ့ရေး သံန္နိဋ္ဌာန်ကို ခိုင်ခိုင်မာမာ ရပ်တည်နေပါကြောင်း လေယာဉ်ပျောက်ဆုံးမှု ၁၀ နှစ်ပြည့် နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားမှာ လိုကီက ပြောဆိုခဲ့ပါတယ်။ ဒီရှာဖွေမှုဟာ လေယာဉ်ကို ရှာတွေ့နိုင်ပြီး ဆွေမျိုးသားချင်းတွေထံ အမှန်တရားကို ပေးစွမ်းစေနိုင်မယ်လို့ မိမိတို့ မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ ပေကျင်းမြို့ကို ထွက်ခွာမယ့် တရုတ်နိုင်ငံသား အများစုပါဝင်သော လူ ၂၃၉ ဦး လိုက်ပါသွားတဲ့ ဘိုးရင်း ၇၇၇ လေယာဉ်ဟာ ၂၀၁၄ ခုနှစ် မတ် ၈ ရက်မှာ လေဆိပ်ကပျံတက်အပြီး သိပ်မကြာခင် ရေဒါကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဂြိုဟ်တုအချက်အလက်တွေအရ လေယာဉ်ဟာ ၎င်းရဲ့ လမ်းကြောင်းကနေ သွေဖည်သွားခဲ့ပြီး အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းရေပြင်မှာ ပျက်ကျသွားခဲ့တယ်လို့ ယုံကြည်ရကြောင်း ဖော်ပြခဲ့ပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here