လတ်တလော သတင်းထွက်နေသည့် ကူမင်းသဘောတူညီချက်ဆိုသည့်ကိစ္စ အလုံးစုံမမှန်ကန်ဟု AA တာဝန်ရှိသူ ပြော

0
252

၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရယူထားသော်လည်း လတ်တလောထွက်ပေါ်နေသည့် သတင်းများမှာ ရာနှုန်းပြည့်မမှန်ကန်ကြောင်း AA အဖွဲ့၏ ဒုတိယ စစ်ဦးစီးချုပ်ဖြစ်သူ ဒေါက်တာ ညိုထွန်းအောင်က ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

ယခုရက်ပိုင်းအတွင်း ရှမ်းမြောက်ဖြစ်စဉ်နှင့် ပတ်သက်၍အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်(၃) ဖွဲ့အကြား အပေးအယူ လုပ်ကာ ရှမ်းမြောက်အပစ်ရပ်ရေး ဆွေးနွေးသဘောတူခဲ့ကြသည့်ပုံစံ သတင်းတင်ဆက်မှုအချို့ကို တွေ့ရသည်။

အဆိုပါ သတင်းတွင် ပါဝင်သည့် အချက်အလက်များနှင့် ပတ်သက်၍ မြန်မာ့စစ်ရေး နိုင်ငံရေး စောင့်ကြည့်လေ့လာသူများအကြား အနည်းငယ် လှုပ်လှုပ်ခတ်ခတ်ဖြစ်ပေါ်ခဲ့ပြီး ယနေ့ သတင်းစာရှင်းလင်းပွဲတွင်လည်း သတင်းထောက်များမှ စိတ်ဝင်တစား မေးမြန်းခဲ့ကြသည်ကို တွေ့ရသည်။

လတ်တလောထွက်ပေါ်နေသည့် သတင်းအချက်အလက်များအရ မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့နှင့် နစက ကိုယ်စားလှယ်အဖွဲ့တို့ ယမန်နေ့ မတ်လ (၃) ရက်တွင် တရုတ်နိုင်ငံ ကူးမင်းမြို့၌ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဟာမိတ်အဖွဲ့များ သိမ်းပိုက်ထားသည့် ဒေသများကို ၎င်းတို့ပိုင် နယ်မြေများအဖြစ် သတ်မှတ်ခွင့်ပြုပေးမည်ဖြစ်ပြီး MNDAA ကို ကိုးကန့် ၏ အထူးဒေသတရားဝင်အစိုးရအဖြစ် နစက ဘက်မှ အသိအမှတ်ပြု လက်ခံပေးရမည်ဖြစ်ကြောင်း ယခုရက်ပိုင်းတွင် သတင်း ထွက်ပေါ်နေခြင်း ဖြစ်သည်။

ထို့အပြင် ချင်းရွှေဟော်တွင် နစက၏ အကောက်ခွန်၊ ကုန်စည်စစ်ဆေးရေး၊ လူဝင်မှုကြီးကြပ်ရေးတို့ကို ထားရှိမည်ဖြစ်ပြီး MNDAA ၏ အလားတူအဖွဲ့အစည်းတို့ကလည်း ပူးတွဲတာဝန်ယူမည့်အပြင် ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်ပြည်နှင့် ကူးသန်းသွားလာမည့် ကုန်စည်များအပေါ် အခွန် စည်းကြပ် ကောက်ခံရရှိငွေ၏ ၇၀ ရာခိုင်နှုန်းကို ညီနောင်မဟာမိတ် (၃)ဖွဲ့ကိုယ်စား ကိုးကန့်အစိုးရမှ ရယူပြီး ကျန် ၃၀ ရာခိုင်နှုန်းကို မြန်မာ အစိုးရမှ ရယူမည်ဟု သဘောတူညီခဲ့ကြသည်ဟူသည့်သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ထို့အပြင် နှစ်ဘက်စလုံးမှ တပ်များအနေဖြင့် သဘောတူညီထားတဲ့ နယ်မြေများမှ ရှေ့ဆက် မတိုးရပဲ တပ်ချင်း ခွာထားရန် ၊AA, TNLA, MNDAA တို့အနေဖြင့် တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ထိခိုက်မှုမှန်သမျှကို ရှောင်ရှား၍ကာကွယ်စောင့်ရှောက်ရန် စသည့် အချက်များ သဘောတူညီခဲ့သည်ဟုလည်း ပြောကြားထားသည်။

အဆိုပါ အချက်အလက်များနှင့် ပတ်သက်၍ ရခိုင့်တပ်တော် AA က ယနေ့ မတ်လ(၄) ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါက်တာညိုထွန်းအောင်က ယခု ကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပထမဆုံးစပြီး သတင်းကို ထုတ်လွှင့်တဲ့ သူအနေနဲ့ ဒီအချက်အလက်တွေပေါ်မှာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်နေရာကနေရပြီး ထုတ်လွှင့်သလဲဆိုတာတော့ မသိပါဘူး။ သေသေချာချာပြောလို့ရတာကတော့ အရင်သဘောတူချက်တွေကို ဆက်ပြီးဆွေးနွေးနေပါတယ်။ အပစ်အခတ်ရပ်စဲရေးပိုလို့ ခိုင်မာဖို့အတွက်ဆက်ပြီး လုပ်နေပါတယ်။ တရုတ် – မြန်မာ နယ်စပ်ကိစ္စနဲ့ ကျားဖြန့်လုပ်ငန်းကိစ္စရပ်တွေ ဆက်မရှိဖို့ ကိစ္စတွေ မရှိဖို့နဲ့ နယ်စပ်ထွက်ပေါက်တွေ ဘယ်လိုလည်ပတ်မလဲဆိုတာတွေ ပါပါတယ်။ ရာခိုင်နှုန်းကိစ္စကတော့ ဆွေးနွေးတာ မရှိပါဘူး”ဟု ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် မဟာမိတ် (၃)ဖွဲ့နှင့် နစက၊ တပ်မတော်တို့ အကြား ကူးမင်း၌ တွေ့ဆုံဆွေးနွေးနေသည်မှာ (၃/၄) ကြိမ် ရှိပြီဖြစ်ပြီး ဇန်နဝါရီ (၁၁) ရက်က ချုပ်ဆိုခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ပါ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရန်ရှိသည်များကို ဆွေးနွေးနေကြခြင်း ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် နှစ်ဘက်ဆွေးနွေးမှုများနှင့် ပတ်သက်၍ ထုတ်ပြန်၍ ရသည့်အချက်များအား မဟာမိတ် (၃)ဖွဲ့ ပြန်လည်ဆွေးနွေးတိုင်ပင်ကာ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမည်ဟုလည်း သိရသည်။

အဆိုပါ သတင်းများနှင့် ပတ်သက်၍နေပြည်တော်နှင့်နီးစပ်သည့် သူများသို့ပေါ်ပြူလာနယူးစ်က ယမန်နေ့ညပိုင်းကပင် ဆက်သွယ်မေးမြန်းထားရာဆွေးနွေးပွဲ ရှိသည်မှန်သော်လည်း သဘောတူညီချက်များမသိရသေးကြောင်း၊ တရုတ် – မြန်မာ နယ်စပ် တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်းများ ပြန်လည်စတင်ရန် တရုတ်မှ နှစ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးမှ စတင်ခဲ့သည့် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေး ကဏ္ဍတစ်ခုလုံးနီးပါး ရပ်တန့်သွားခဲ့ပြီး နိုင်ငံတော်အနေဖြင့် စီးပွားရေးအရ ထိခိုက်နစ်နာမှုများစွာရှိခဲ့ရကြောင်း ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here