ဝန်ကြီးချုပ်ဟောင်း ယင်လပ်အပေါ် စွဲဆိုထားတဲ့ တာဝန်ပေါ့လျော့မှု စွဲချက်တစ်ခုကို ထိုင်းတရားရုံးချုပ် ပယ်ဖျက်

0
128

ဝန်ကြီးချုပ်ဟောင်း ယင်လပ်အပေါ် ချမှတ်ထားတဲ့ တာဝန်ပေါ့လျော့မှုဆိုင်ရာ ပြစ်မှုတစ်ခုကို ထိုင်းနိုင်ငံ တရားရုံးချုပ်က တနင်္လာနေ့မှာ ပယ်ဖျက်ပေးလိုက်ကြောင်း သူမရဲ့ ရှေ့နေနဲ့ ဒေသတွင်း မီဒီယာတွေက ပြောဆိုပါတယ်။ ဒီအမှုဟာ သူမ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် ၂၀၁၃ ခုနှစ်က လုပ်ဆောင်ချက်တစ်ခုနဲ့ ပတ်သက်ပြီး စွဲဆိုခဲ့တဲ့ အမှုဖြစ်ပါတယ်။

၂၀၁၄ စစ်တပ်အာဏာသိမ်းမှုဖြင့် သူမ အစိုးရဖြုတ်ချခံလိုက်ရပြီးနောက် တာဝန်ပေါ့လျော့မှုဆိုင်ရာ ယခင် ပြစ်မှုတစ်ခုအတွက် ထောင်ကျခံရမယ့်အရေး ရှောင်ရှားဖို့ သြဇာကြီး ရှင်နာဝပ်ထရာ မိသားစုရဲ့ ထင်ရှားသူတစ်ဦးဖြစ်သူ ယင်လပ်ဟာ နိုင်ငံရပ်ခြားမှာ ခြောက်နှစ်ကြာ ရှောင်တိမ်းနေထိုင်နေခဲ့တာဖြစ်ပါတယ်။

တရားရုံးရဲ့ တညီတညွတ်တည်းသော ဆုံးဖြတ်ချက်ဟာ ရှင်နာဝပ်ထရာ မိသားစု သြဇာလွှမ်းမှုရှိသော လက်ရှိ ဖြူထိုင်းပါတီ အစိုးရလက်ထက်မှာ ၎င်းတို့အတွက် နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်ကောင်းတစ်ခုဖြစ်ပါတယ်။ သိပ်မကြာခင်ကပဲ ယင်းမိသားစုမှ ဝန်ကြီးချုပ်ဟောင်းတစ်ဦးပဲဖြစ်တဲ့ သက်ဆင်ရှင်နာဝပ်ထရာဟာ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်ထားခဲ့တာပါ။

အစိုးရရဲ့ ဘတ် သန်း ၂၅၀ တန်းဖိုးရှိ ကန်ထရိုက်ပေးအပ်ခဲ့မှုတစ်ခုဟာ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာခဲ့ခြင်း မရှိတာကြောင့် တိုင်းပြည်အတွက် နစ်နာမှုဖြစ်ခဲ့တယ်ဆိုကာ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ၂၀၂၂ ခုနှစ်မှာ ယင်လပ်နဲ့ အခြား လူပုဂ္ဂိုလ်လေးဦးကို တိုင်ကြားခဲ့တဲ့အမှုဖြစ်ပြီး တနင်္လာနေ့မှာ ယင်းအမှုကို ပယ်ဖျက်မိန့်ချလိုက်တာဖြစ်ကြောင်း သိရပါတယ်။

ယင်လပ်နဲ့ စွပ်စွဲခံ အခြားလေးဦးဟာ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ဥပဒေနဲ့အညီဆောင်ရွက်ခဲ့ကြတာသာဖြစ်ပြီး ဘာအကျိုး အမြတ်မှ လက်ခံရယူခဲ့ခြင်း မရှိကြောင်း တရားရုံးက ဆုံးဖြတ်ကာ အမှုကို ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ ရှေ့နေဖြစ်သူ Noppadon Laothong က ရိုက်တာသတင်းကို ပြောဆိုခဲ့ပါတယ်။

ယင်လပ်ဟာ တာဝန်ပေါ့လျော့မှုဆိုင်ရာ ပြစ်မှုအတွက် ယခင်က မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသလို တိုင်းပြည်ကို ဒေါ်လာ ဘီလီယံချီနစ်နာစေခဲ့တဲ့ အစိုးရ ဆန်စပါးထောက်ပံ့ကြေး အစီအစဉ်အတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရကြောင်း သိရပါတယ်။

Yahoo News


LEAVE A REPLY

Please enter your comment!
Please enter your name here