ကျင်းပ​တော့မည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက်စာစစ်ဌာနများနှင့် လုံခြုံရေးကိစ္စရပ်များကို မကွေးတိုင်းတွင် စီမံချက်များနှင့် ဆောင်ရွက်

0
132

မကွေးတိုင်းဒေသကြီးတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ စာစစ်ဌာနများ လုံခြုံရေး၊ မေးခွန်းလုံခြုံရေး၊ စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တိုင်းပညာရေးမှူးရုံးနှင့် တိုင်းရဲတပ်ဖွဲ့တို့မှ ရေးဆွဲထားသည့် စီမံချက်များနှင့်အညီ ဆောင်ရွက်ကြရန် ကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်ကြမည့် အရာရှိများကို ဝန်ကြီးချုပ်က မှာကြားလိုက်သည်။  

၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား စာမေးပွဲလုပ်ငန်း တာဝန်ဆိုင်ရာများ မှာကြားဆွေးနွေးပွဲအခမ်းအနားကို မတ်(၃)ရက်က မွန်းလွဲ (၂) နာရီက မကွေးမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပစဥ် ဝန်ကြီးချုပ်က မှာကြားခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီးတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာနများကို တာဝန်ယူ ကြီးကြပ် ဦးဆောင်ရမည့် ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများအတွက် စာစစ်ဌာနလုံခြုံရေး၊ မေးခွန်းလုံခြုံရေး၊ တာဝန်ထမ်းဆောင်ကြသူများနှင့် စာဖြေသူများ လုံခြုံရေး၊ မသမာမှုကင်းရှင်းစွာဖြင့် စာမေးပွဲစည်းကမ်းချက်များနှင့်အညီ အောင်အောင်မြင်မြင် ကျင်းပဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောကြားသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကြီးကြပ်ရေးမှူးတာဝန်ထမ်းဆောင်ကြမည့် အရာရှိများအနေဖြင့် စာစစ်ဌာန တစ်ခုလုံးအတွက် စာမေးပွဲ မကျင်းပမီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ စာမေးပွဲကျင်းပနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စာမေးပွဲကျင်းပပြီးဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သိရှိလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဟု ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် စာစစ်ဌာနများမှ ဖြေဆိုပြီး အဖြေလွှာများကို ယာယီထိန်းသိမ်းထားစဉ်နှင့် မကွေးတက္ကသိုလ်သို့ ပြန်လည် ပို့ဆောင်စဉ် မသမာမှုကင်းရှင်းစွာနှင့် မလိုလားအပ်သည့် ပြဿနာများ မပေါ်ပေါက်စေရန် စာမေးပွဲ စည်းကမ်း လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ထုတ်ပိုးသယ်ဆောင်ထိန်းသိမ်းကြရန်လည်း မှာကြားခဲ့သည်။ 

ထူးခြားဖြစ်စဉ် ပေါ်ပေါက်ပါကလည်း အထက်ရုံးအဆင့်ဆင့်သို့ အချိန်နှင့် တပြေးညီ ဖုန်းသတင်းနှင့် အစီရင်ခံစာများ အမှန်ဆုံးနှင့် အမြန်ဆုံးပေးပိုကြရန်၊ စာမေးပွဲလုပ်ငန်းတာဝန်သည် ပညာရေးဌာန၏ အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်၊ တာဝန်တစ်ရပ်ဖြစ်သလို ဒေသတစ်ခုအတွက်လည်း အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ဝန်ကြီးချုပ်ကဆိုသည်။ 

ထို့ကြောင့် မိမိထမ်းဆောင်ရသည့် တာဝန်များ၏ ကြီးလေးမှုကို တိတိကျကျ သိရှိလိုက်နာပြီး ဌာနဆိုင်ရာ စည်းကမ်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ တက္ကသိုလ်ဝင်စာမေးပွဲ လုပ်ငန်းလမ်းညွှန်ချက်၊ ညွှန်ကြားချက်များနှင့်အညီ အလေးထားဆောင်ရွက်ပေးကြရန် ဝန်ကြီးချုပ်က ဆက်ပြောကြားခဲ့သည်။

ထို့အပြင် မိမိဒေသအလိုက် လုံခြုံရေးအခြေအနေအရ လိုအပ်သော ရဲ၊ တပ်အင်အားများ တောင်းခံပေါင်းစပ်၍ ဆောင်ရွက်ပေးကြရန် နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲကြီး၏ စာစစ်ဌာနလုံခြုံမှု၊ မေးခွန်းလုံခြုံမှုနှင့် မသမာမှုများ ကင်းရှင်းမှုများဖြင့် အောင်အောင်မြင်မြင် ကျင်းပပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၄၄)ခု၊ အတွင်းဖြေ၊ အပြင်ဖြေ စာဖြေသူ စုစုပေါင်း (၉၈၁၂)ဦးရှိပြီး မတ်(၁၁)ရက်မှ မတ်လ(၁၉)ရ က်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။  

အဆိုပါ မှာကြားဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တိုင်းပညာရေးမှူးရုံးမှ အရာထမ်းများ၊ ခရိုင်၊ မြို့နယ်များမှ ပညာရေးမှူးများနှင့် ကြီးကြပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here