သုဝဏ္ဏဝတီမြို့တွင် လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ရာမှ လူသ-တ်မှုဖြစ်ပွားပြီး အမျိုးသမီးဖြစ်သူ အသက်ဆုံးရှုံး

0
189

မွန်ပြည်နယ်၊ သုဝဏ္ဏဝတီမြို့တွင် လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ရာမှ အမျိုးသမီးဖြစ်သူ အသက်ဆုံးရှုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိမ်ဆိပ်နယ်မြေ ရဲစခန်းနှင့် ဒေသတွင်းရှိ ပရဟိတအသင်းထံမှ သိရသည်။

သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ နန်းတောင်းစုပိုင်းတွင် မတ်လ (၃)ရက် ည (၁၁)နာရီ (၄၈)မိနစ်အချိန်ခန့် နေအိမ်ခြံ အနီးရှိ တံတားပေါ်တွင် လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ကြပြီး ဇနီးဖြစ်သူ ‌ေ-သဆုံးခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်ကို သိမ်ဆိပ်နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အနီးပတ်ဝန်ကျင်အား မေးမြန်းစုံစမ်းခဲ့ရာ ၎င်းတို့ လင်မယား (၂)ဦးမှာ တံတားပေါ်တွင် စကားများ ရန်ဖြစ်ကြပြီး ဇနီးဖြစ်သူ အော်ဟစ်သံနှင့် ဆူညံသံများ ကြားခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။

အခင်းဖြစ်နေရာတွင် ဇနီးဖြစ်သူ ဒေါ်မြင့်ဝင်း (၅၅)နှစ်မှာ လည်ပင်းညိုမဲ ဒဏ်ရာနှင့် ဦးခေါင်း နောက်စေ့ပေါက်ပြဲ ဒဏ်ရာများရရှိထားသည်ဟု ရဲတပ်ဖွဲ့ စစ်ဆေးချက်အရ သိရှိရပြီး ၎င်း၏ အမျိုးသား ဦးစောလှဖေ (၆၇)နှစ်ဆိုသူအား ဆက်လက် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့ လင်မယား (၂)ဦးမှာ အရက်အတူသောက်ကြပြီး နေအိမ်သို့ ပြန်လာစဉ် နန်းတောင်းစုပိုင်း၊ တံတားပေါ်တွင် စကားများ ရန်ဖြစ်ရာမှ ဒေါသအလျောက် ဇနီးဖြစ်သူ၏ လည်ပင်းအား ညှစ်၍ တံတားကွန်ကရစ်ကြမ်းပြင်နှင့် ဦးခေါင်းအား ဆောင့်ခဲ့ရာ သေဆုံးသွားရကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်း (နောင်ဘို)မှ လာရောက်ခဲ့ကြပြီး ‌ေ-သဆုံးသူ၏ ရုပ်အလောင်းအား သိမ်ဆိပ်ဆေးရုံ (ရင်ခွဲရုံ)သို့ အသင်းပိုင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အရ ပြစ်မှုကျူးလွန်သူ ဦးစောလှဖေအား ဖမ်းဆီးခဲ့ပြီး သိမ်ဆိပ်နယ်မြေ ရဲစခန်းမှ (ပ)/၁၅/၂၀၂၄ ရာဇသတ်ကြီး ပုဒ်မ – ၃၀၂ အရ အမှုဖွင့် အရေးယူထားပြီး အမှုအား ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here