မံသာ စစ်ရှောင်စခန်းသို့ ဒေသခံ စစ်ဘေးရှောင်ပြည်သူများ ထပ်မံရောက်ရှိလာ ဟုဆို

0
138

ကချင်ပြည်နယ်၊ မံသာကျေးရွာရှိ စစ်ရှောင်စခန်းသို့ မတ်လ (၃)ရက် ညပိုင်းအချိန်အထိ စစ်ရှောင်များ ထပ်မံရောက်ရှိလာဆဲဖြစ်ကြောင်း ဒေသခံ စစ်ရှောင်အရေးဆောင်ရွက်နေသူများထံမှ သိရသည်။

အဆိုပါ မံသာစစ်ရှောင်စခန်းသို့ ထပ်မံရောက်ရှိလာသော စစ်ရှောင်များမှာ မံစီမြို့နယ်၊ ပန်တိုင်းကျေးရွာမှ ဒေသခံစစ်ရှောင်များဖြစ် ကြောင်း ဆိုသည်။

” (၃) ရက်နေ့ ညပိုင်းအထိ တိုက်ပွဲရှောင်‌တွေ ကားကြီးကားငယ်နဲ့ တဖွဲဖွဲဝင်လာကြတာ။ ပန်တိုင်းရွှေမှော်ကလို့ သိရတယ်။ စစ်ရှောင်ဦးရေက ပိုများလာပြီ။ လိုအပ်ချက်တွေအတွက် တတ်နိုင်တဲ့ ဘက်က ကူညီပေးနေတာတွေရှိပါတယ်။ ထပ်ရောက်လာတဲ့လူဦးရေ စာရင်းက တော့မငြိမ်သေးလို့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။

မံသာကျေးရွာတွင် ဖွင့်လှစ်ထားသော စစ်ရှောင်စခန်းမှာ သာသနာ့အလင်းရောင်အမည်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ရှောင် အိမ်ထောင်စု (၂၄၃)စုမှ လူဦးရေ (၇၆၅ )ဦး ခိုလှုံလျှက်ရှိကြောင်း သိရသည်။

မံသာစစ်ရှောင်စခန်းတွင် ဒေသခံစစ်ရှောင်ဦးရေ များပြားလာသည့် အတွက် ကျန်းမာရေးမှအစ မိလ္လာကိစ္စများအဆုံး စားနပ်ရိက္ခာ၊ စောင် ၊ ခြင်ထောင်၊ ဖျာ၊ ဟင်းချက်စရာ အိုးခွက်ပန်းကန်များအထိ လိုအပ်ချက်များရှိနေကြောင်း သိရသည်။

“လက်ရှိလည်း လိုအပ်ချက်တွေအတွက် အလှူခံပြီးတော့ ပို့ဆောင်ပေးနေပါတယ် “ဟု ၎င်းက ဆိုသည်။

ယနေ့ မတ်လ(၅)ရက်တွင် ဗန်းမော်မြို့နယ်အတွင်း ရောက်ရှိနေသော စစ်ရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ စစ်ရှောင်အရေး ဆောင်ရွက်နေသူများ ၏ စာပြုစုထားသော စာရင်းများအရ ဗန်းမော်မြို့နယ်အတွ င်းရှိ စစ်ရှောင်စခန်းနှစ်ခုတွင် လူဦးရေ (၁,၀၀၀) ဦး ၊ မံသာ စစ်ရှောင်စခန်းတွင် (၇၆၅)ဦး စုစုပေါင်း ( ၁,၇၆၅) ဦးအထိ ရှိလာပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here