ကုလအေဂျင်စီ ဝန်ထမ်း ၄၅၀ ခန့်ဟာ စစ်သွေးကြွတွေဖြစ်နေကြောင်း အစ္စရေးက ပြောဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်

0
142

ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) ရဲ့ ဝန်ထမ်း ၄၅၀ ခန့်ဟာ ဂါဇာကမ်းမြောင်ရှိ စစ်သွေးကြွအုပ်စုတွေရဲ့ အဖွဲ့ဝင်တွေဖြစ်ကြောင်း အစ္စရေးက ပြောဆိုကာ အေဂျင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်မြေအတွင်း ဟားမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ UNRWA ဝန်ထမ်း ၁၂ ဦး ပါဝင်ခဲ့တယ်လို့ အစ္စရေး ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်မှာ အေဂျင်စီကို ထည့်ဝင်မယ့် ဒေါ်လာသန်း ရာပေါင်းများစွာကို နိုင်ငံတကာ အဓိကအလှူရှင်တွေက ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။

UNRWA အကြီးအကဲ ဖိလစ် လာဇာရီနီကတော့ အစ္စရေးရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တစ်ခါမျှ အကြောင်းကြားချက် မရရှိခဲ့သလို ဘာသက်သေအထောက်အထားမျှလည်း မရရှိခဲ့ကြောင်း ပြောဆိုပါတယ်။

အေဂျင်စီက ခန့်ထားတဲ့ ဝန်ထမ်းစာရင်းကို အစ္စရေးနဲ့ ပါလက်စတိုင်း အာဏာပိုင်တွေထံ UNRWA က နှစ်စဉ် ပို့ပေးပြီး မိမိတို့ ခန့်ထားတဲ့ ဝန်ထမ်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်စရာ အကြောင်းရပ်မျိုး အနည်းအကျဉ်းမျှ လက်ခံရရှိခြင်း မရှိဘူးလို့လည်း သူက ပြောဆိုပါတယ်။

အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ ဝန်ထမ်း ၁၂ ဦးကိစ္စကိုသာ သူ့ထံ နှုတ်အားဖြင့် ဆက်သွယ်စွပ်စွဲပြောကြားခဲ့ပြီး ၎င်းတို့တွေဟာ စိုးရိမ်ရတဲ့ အနေအထားရှိတာကြောင့် အလုပ်မှ ထုတ်ပယ်ခဲ့ပြီးဖြစ်သလို ကုလသမဂ္ဂရဲ့ ညွှန်ကြားထားတဲ့ စုံစမ်းစစ်ဆေးမှု နှစ်ခုကိုလည်း လုပ်ဆောင်လျက်ရှိနေတယ်လို့ သူက ဆိုပါတယ်။

တနင်္လာနေ့က အစ္စရေးရဲ့ ပြောဆိုချက်တွေအရ ကုလအေဂျင်စီအပေါ် စွပ်စွဲချက်တွေ သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။ စစ်သွေးကြွတွေဖြစ်နေတယ်ဆိုတဲ့ UNRWA ဝန်ထမ်းအရေအတွက်တိုးမြင့်လာမှုနဲ့ ပတ်သက်ပြီး အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာဂါရီက ကျောထောက်နောက်ခံဖြစ်စေတဲ့ အမည်နာမ သို့မဟုတ် အထောက်အထား တစ်စုံတစ်ရာတော့ မပေးခဲ့ပါဘူး။

UNRWA ဝန်ထမ်း ၄၅၀ ကျော်ဟာ ဂါဇာရှိ အကြမ်းဖက်အုပ်စုတွေမှာ စစ်ဖက်ဆိုင်ရာအဖွဲ့ဝင်တွေဖြစ်ကြောင်း၊ ဒါဟာ တိုက်ဆိုင်မှု သက်သက် မဟုတ်ဘဲ စနစ်တကျ လုပ်ဆောင်ချက်ဖြစ်ကြောင်း ဟာဂါရီက ပြောဆိုခဲ့ပါတယ်။

UNRWA ရဲ့ ထုတ်ပြန်ချက်မှာတော့ အစ္စရေးဟာ ၎င်းတို့ဝန်ထမ်းများစွာကို ဖမ်း-ဆီးကာ ဆိုးဝါးစွာဆက်ဆံခြင်းတို့ အသုံးပြုပြီး အေဂျင်စီ၊ ဟားမတ်စ်နဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတို့ ဆက်နွယ်သယောင် ဖိအားပေး ဝန်ခံခိုင်းနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here