စက်သုံးဆီကို ရည်ညွှန်းဈေးအတိုင်း ပြည်သူများဝယ်ယူနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မှာကြား

0
172

စက်သုံးဆီကို ပြည်သူများအနေဖြင့် သက်သာသည့် ဈေးနှုန်းများနှင့် ဝယ်ယူအသုံးပြုနိုင်ရေးနှင့် လုပ်ငန်းရှင်များမှ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ သက်ဆိုင်ရာကော်မတီများမှ အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးကပြောကြားလိုက်သည်။

တရားမဝင်စက်သုံးဆီများ ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင် တရားမဝင် စက်သုံးဆီဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းတွင် စက်သုံးဆီ (၃.၈၁၀) တန် ခန့်မှန်းတန်ဖိုးကျပ် (၁၂)သန်းနှင့် မကွေးတိုင်းတွင် စက်သုံးဆီ(၁၀.၄၆၄)တန်၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် (၃၅.၉၉၂)သန်း၊ စုစုပေါင်းစက်သုံးဆီ (၁၄.၂၇၄) တန်၊ စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ် (၄၇.၉၉၂) သန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်များ အဆင်ပြေချောမွေ့စွာ ရောင်းချနေမှုများအား အချိန်နှင့်တပြေးညီသိရှိနိုင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီ Terminal များနှင့် စက်သုံးဆီ အရောင်းဆိုင်များအား CCTV Link ချိတ်ဆက်ပြီးစီးမှုအနေဖြင့် စုစုပေါင်း Terminal (၈) ခုနှင့် စက်သုံးဆီဆိုင် (၅၉၁) ဆိုင်အား ချိတ်ဆက်ဆောင်ရွက်ပြီးဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ဆီဘောက်ဆာယာဉ်များ ဖြတ်သန်းသွားလာမှုအခြေအနေများကိုလည်း အချိန် နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ Toll Gate များတွင်လည်း CCTV Camera များ တပ်ဆင်ပြီးစီးမှုအနေနဲ့ Toll Gate ပေါင်း(၅၂)ခုနှင့် CCTV အရေအတွက်(၅၄၂)ခု တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။

အများပြည်သူများအနေဖြင့် Online အသုံးပြုပြီး နီးစပ်ရာ စက်သုံးဆီ အရောင်းဆိုင်များမှ လိုအပ်သည့် စက်သုံးဆီအမျိုးအစားကို ရောင်းဈေးနှုန်းသိရှိပြီး လိုအပ်သလောက်အလွယ်တကူဝယ်ယူနိုင်မယ့် Software Application တစ်ခုအားရေးဆွဲပြီးဖြစ်ကာ ဖေဖေါ်ဝါရီ လကုန်မှစ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စမ်းသပ်အသုံးပြုလျက်ရှိကြောင်း သိရသည်။

အဆိုပါ Software အား လိုအပ်ချက်တချို့ ပြင်ဆင်မွမ်းမံ၍ ယခုမတ်လအတွင်းမှာ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးနယ်နိမိတ်ရှိ စက်သုံးဆီအရောင်းဆိုင် (၃၀၀) ကျော် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ကော်မတီ ဥက္ကဋ္ဌက ပြောကြားသွားသည်။

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ၏(၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၅) ရက် ၊ နေ့လယ်(၂) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈)၌ ကျင်းပပြုလုပ်စဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here