ပြည်ပပို့ကုန်များအား​ ရေလမ်း​ကြောင်းဖြင့်ပို့ရာတွင်ဝမ်းပုံစနစ်ဖြင့်၄င်း၊ ကုန်သေတ္တာတင်သင်္ဘောများဖြင်း၄င်း၊ ပုဂ္ဂလိကသင်္ဘောငယ်များဖြင့်၄င်း တင်ပို့လျက်ရှိ

0
155

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ရာ နိုင်ငံ၏ အဓိက ပြည်ပပို့ကုန်အဖြစ် လယ်ယာထွက် ကုန်စည်များဖြစ်ကြသော ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးနှင့် ပြောင်းတို့ကို ရန်ကုန်ဆိပ်ကမ်းမှတဆ င့် ပြည်ပသို့ အထွေထွေကုန်စည်တင် သင်္ဘောများကိုအသုံးပြု၍ ဝမ်းပုံစနစ်ဖြင့် တင်ပို့လျက်ရှိသည့်အပြင် ကုန်သေတ္တာတင်သင်္ဘောများကိုပါ အသုံးပြု၍တင်ပို့လျက်ရှိကြောင်း သိရသည်။

ပွင့်လင်းရာသီဖြစ်သည့် ၂၀၂၃ အောက်တိုဘာလမှစ၍ မြန်မာ့လယ်ယာထွက်ကုန် ကောက်ပဲ သီးနှံများကို ပြည်ပသို့ တိုးမြှင့်တင်ပို့လာခဲ့ရာ ယခုနှစ် မတ် (၁)ရက် တွင် ရန်ကုန်ဆိပ် ကမ်းရှိ ဆိပ်ကမ်းတံတားများတွင် အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးများ တံတားနေရာအပြည့် ဆိုက်ကပ်၍ ကုန်တင် ကုန်ချဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်းမှ ဆန်တန်ချိန် ၃၈၄၄၀၅ တန် တင်ပို့ခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ၁၁လအတွင်း စုစုပေါင်း ဆန်တန်ချိန် ၁၄၆၅၇၉၃ တန်တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆန်တင်ပို့ရာတွင် ကုန်သေတ္တာဖြင့်တင်ပို့မှု များပြားခဲ့ကြောင်း၊ သို့ရာတွင် ကိုဗစ်ကာလ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သေတ္တာ ပြတ်လပ်ရှားပါးမှုကြောင့် အထွေထွေကုန်စည်တင် သင်္ဘောများကို ပိုမိုအသုံးပြု၍ ဝမ်းပုံစနစ်ဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာရေးနှစ်တွင် ကုန်သေတ္တာဖြင့် ဆန်တင်ပို့မှုသည် ဝမ်းပုံစနစ်ဖြင့်တင်ပို့မှု၏ နှစ်ဆခန့်ရှိကြောင်းနှင့်ဆန်ကို ဥရောပနှင့် အာဖရိက နိုင်ငံများအပြင် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် အခြားအာရှနိုင်ငံအချို့တို့သို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

အလားတူ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပဲအမျိုးမျိုး ၁၅၆၉၅၀ တန် တင်ပို့ခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ (၁၁) လအတွင်း စုစုပေါင်း ပဲတန်ချိန် ၁၂၉၂၇၆၆ တန် တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့ရာတွင် ကုန်သေတ္တာများဖြင့်သာ အဓိကထား တင်ပို့လေ့ရှိကြောင်းနှင့် အိန္ဒိယနှင့်အခြားအာရှနိုင်ငံ အချို့တို့သို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြောင်းတန်ချိန် ၃၆၅၄၇၂ တန် တင်ပို့ခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှဖေဖော်ဝါရီလအထိ (၁၁) လအတွင်း စုစုပေါင်းပြောင်းတန်ချိန် ၈၉၁၀၃၈ တန် တင်ပို့ခဲ့ပြီး အထွေထွေကုန်စည်တင် သင်္ဘောများကို အသုံးပြု၍ ဝမ်းပုံစနစ်ဖြင့်တင်ပို့မှု ၇၅ ရာ ခိုင်နှုန်း၊ ကုန်သေတ္တာဖြင့်တင်ပို့မှု ၂၅ ရာခိုင်နှုန်းရှိကြောင်းနှင့် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းနှင့် ကန်တန်ဆိပ်ကမ်းများသို့ ကုန်တန်ချိန် ၂၇၀၀ – ၃၀၀၀ ခန့် တင်ဆောင်နိုင်သော ပြည်တွင်းလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် သင်္ဘောငယ်များဖြင့်လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇန်နဝါရီလအထိ (၁ ၀) လအတွင်း တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ နီးပါးရှိသည့် လယ်ယာထွက်ကုန်များကို ပင်လယ်ရေကြောင်းမှတဆင့် ပြည်ပသို့တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ  သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here