တရုတ်နဲ့အတူ လပေါ်မှာ နျူစွမ်းအင်စက်ရုံထားရှိဖို့ စဉ်းစားနေဟု ရုရှား ပြော

0
195

ရုရှားနဲ့ တရုတ်တို့ဟာ ၂၀၃၃ ခုနှစ်မှ ၂၀၃၅ ခုနှစ်အတွင်း လပေါ်မှာ နျူကလီးယားစွမ်းအင်စက်ရုံတစ်ခုထားရှိရေး စဉ်းစားနေတယ်လို့ ရုရှား အာကာသအေဂျင်စီ Roscosmos ရဲ့ အကြီးအကဲ ယူရီ ဘိုရီဆော့ဗ်က အင်္ဂါနေ့(မတ် ၅) မှာ ပြောဆိုပြီး တစ်နေ့နေ့မှာတော့ လပေါ်အခြေချအဆောက်အအုံတွေ ဆောက်ခွင့်ပေးရနိုင်တယ်လို့ သူက ဆိုခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ လကမ္ဘာစီမံကိန်းတစ်ခုနဲ့ ပတ်သက်လို့ ပူးတွဲလုပ်ဆောင်နေပြီး မော်စကိုအနေနဲ့ ၎င်းရဲ့ အာကာသနျူစွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့အထောက်အကူပေးနိုင်တယ်လို့ ဒုတိယ ကာကွယ်ရေးဝန်ကြီးဟောင်းလည်းဖြစ်သူ ဘိုရီဆော့ဗ်က ပြောဆိုပါတယ်။

မိမိတို့ရဲ့ တရုတ် လုပ်ဖော် ကိုင်ဖက်တွေနဲ့အတူ ၂၀၃၃-၂၀၃၅ ခုနှစ်တွေအတွင်း လမျက်နှာပြင်ပေါ်ကို လျှပ်စစ်ဓါတ်အားယူနစ်တစ်ခု ပေးပို့ တပ်ဆင်နိုင်ရေး ပရောဂျက်ကို ယခုအခါ အလေးအနက်စဉ်းစားနေတယ်လို့ ဘိုရီဆော့ဗ်က ပြောဆိုခဲ့ပါတယ်။

နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားတွေဟာ အနာဂတ် လပေါ်အခြေချအဆောက်အအုံတွေကို ဓါတ်အားလုံလုံလောက်လောက် ပေးနိုင်စွမ်းမရှိဘဲ နျူစွမ်းအင်ကသာ အလုပ်ဖြစ်စေနိုင်တယ်လို့ သူက ဆိုပါတယ်။ ဒါဟာ အလွန်လေးနက်တဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး လူသားတွေမရှိဘဲ အလိုအလျောက်စနစ်နဲ့ လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရုရှားဟာ နျူစွမ်းအင်သုံး ကုန်တင်အာကာသ ယာဉ်တစ်စင်း တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ဘိုရီဆော့ဗ်က ပြောဆိုပါတယ်။ နျူကလီးယား ဓါတ်ပေါင်းဖိုကို အအေးခံမယ့်နည်းစနစ်နဲ့ ပတ်သက်ပြီး အဖြေရှာစရာမလိုဘဲ စီမံကိန်းနဲ့ပတ်သက်တဲ့ မေးခွန်းအားလုံးကို ဖြေရှင်းပြီးဖြစ်တယ်လို့ သူက ဆိုခဲ့ပါတယ်။

ရုရှား အာဏာပိုင်တွေအနေနဲ့ တစ်နေ့နေ့မှာ လပေါ် သတ္ထုတူးဖော်မယ်ဆိုတဲ့ ရည်မှန်းချက်ကြီးမားတဲ့ အစီအစဉ်မတိုင်မီ ယခုလို ထုတ်ပြောလာတာဖြစ်ပေမယ့် ရုရှား အကာသအစီအစဉ်ဟာ လတ်တ​လောနှစ်တွေအတွင်း အဆင်မပြေမှုတွေ ဆက်တိုက်ကြုံတွေ့ထားခဲ့ကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here