ပင်လယ်နီတွင် အမေရိကန်ဖျက်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့သည်ဟု ယီမင်ဟူသီများကြေညာ 

0
123

ယီမင်ဟူသီလက်နက်ကိုင်များသည် ပင်လယ်နီရေပြင်တွင် အမေရိကန်ဖျက်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ဟူသီစစ်ဘက်ပြောရေး ဆိုခွင့်ရှိသူ Yahya Saree က ပြောကြားခဲ့သည်။

“ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် ပင်လယ်နီအတွင်း၌ အမေရိကန်ဖျက်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ကြောင်း” ဟု ဟူသီစစ်ဘက်ပြောရေးဆိုခွင့်ရှိသူက Al Masirah ရုပ်သံလိုင်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် ဟူသီလက်နက်ကိုင်များသည် သင်္ဘောဖျက်ဒုံးကျည်များနှင့် ဒရုန်းများကို အသုံးပြုခဲ့ကြောင်း Yahya Saree က ပြောကြားခဲ့သည်။

ယီမင်ရှိ ဟူသီလက်နက်ကိုင်များ၏ ပစ်မှတ်များကို အမေရိကန်နှင့် ဗြိတိန်တို့က နောက်ထပ် တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် ယခုတိုက်ခိုက်မှုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။

ဂါဇာကမ်းမြှောင်တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခများ ပြင်းထန်လာပြီးနောက်၊ ဟူသီများက အစ္စရေးတို့နှင့် ဆက်နွှယ်သည့် သင်္ဘောများကို ပင်လယ်နီနှင့် Bab el-Mandeb ရေလက်ကြားအထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ပြီး အကယ်၍ ဖြတ်သန်းသွားလာပါက တိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ်  နိုဝင်ဘာလလယ်ကတည်းကစတင်၍ ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တွင် ဖြတ်သန်းသွားလာသော အရပ်ဘက်သင်္ဘော ဒါဇင်ပေါင်းများစွာကို အစ္စရေးတို့နှင့်ဆက်နွှယ်သည့် သင်္ဘောများဟု စွပ်စွဲကာ ဟူသီတို့က တိုက်ခိုက်ခဲ့သည်။

ဟူသီတို့ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အာဏာပိုင်များသည် ပင်လယ်နီအတွင်း လွတ်လပ်စွာသွားလာခွင့်နှင့် သင်္ဘောများကို အကာအကွယ်ပေးနိုင်ရန် မျှော်လင့်ထားသည့် Prosperity Guardian ဟု အမည်ပေးထားသော စစ်ဆင်ရေးအတွက် နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ဇန်နဝါရီ ၁၂ ရက်တွင် အမေရိကန်နှင့် ဗြိတိန်လေယာဉ်များ၊ သင်္ဘောများနှင့် ရေငုပ်သင်္ဘောများသည် ယီမင်နိုင်ငံရှိ Sana’a နှင့် Hodeidah အပါအဝင် ယီမင်မြို့အများအပြားရှိ ဟူသီတို့၏ Ansar Allah လှုပ်ရှားမှုနှင့်ပတ်သက်သော ပစ်မှတ်များကို ကနဦးတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ တိုက်ခိုက်မှုများသည် ဒုံးကျည်ပစ်လွှတ်သည့်နေရာများနှင့် မောင်းသူမဲ့လေယာဉ်များအပြင် ဟူသီသူပုန်များပိုင်ဆိုင်သည့် ရေဒါစခန်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here