ဗဟိုဘဏ်ကနိုင်ငံခြားငွေကြေး ဈေးကွက်အတွင်းသို့ ကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့အား လို အပ်သလို ဝင်ရောက်ရောင်းဝယ်သွားမည်

0
252

နိုင်ငံခြားငွေဈေးကွက်အတွင်း ငွေလဲလှယ်နှုန်း ကွာဟချက်ကျဉ်းမြောင်းစေရန် အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့အား လိုအပ်သလို ရောင်းဝယ်ခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်လာသည်။

ပို့ကုန်လုပ်ငန်းရှင်များ အပါအဝင် နိုင်ငံခြားဝင်‌ငွေရှိသူများအတွက် လုပ်သာကိုင်သာဖြစ်စေရန် ပို့ကုန်များပိုမိုဝင်ရောက်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေရန်အတွက် ငွေလဲလှယ်နှုန်းစနစ်များကို ဈေးကွက်အခြေခံငွေလဲလှယ်နှုန်း စနစ်တစ်ရပ်ဖြစ်သည့် ထိန်းကျောင်းမှုရှိသော နှုန်းရှင်ငွေလဲလှယ်နှုန်း စနစ်တစ်ရပ် (Managed Floating Exchange Rate Regime) အား Online Trading တွင် ရောင်းချလျက်ရှိသည်။

ထိုသို့ ထိန်းကျောင်းမှုရှိသော နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်အား ကျင့်သုံးခြင်းသည် ငွေလဲလှယ်နှုန်းများအကြား ကွာဟချက်ကျဉ်းမြောင်းစေရန် ငွေလဲလှယ်နှုန်းပြောင်းလဲမှု အတက်/အကျ လွန်စွာမြင့်မားမှု မရှိစေရန် လိုအပ်သလိုထိန်းကျောင်းသွားသည့် စနစ်တစ်ရပ်ဖြစ်သည်။

ထိုသို့ ထိန်းကျောင်းနိုင်ရန် နိုင်ငံခြားငွေများဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့အား နိုင်ငံခြား ငွေကြေးဈေးကွက်တွင် လိုအပ်သလိုဝင်ရောက် ရောင်းဝယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်အတွင်း ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ (၆၅)ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီး အဆင့်ဆင့်ဖြေလျှော့ပေးခဲ့ရာ ၂ဝ၂၃ ခုနှစ် ဇူလိုင်လအတွင်း၌ ပို့ကုန်ရငွေပမာဏ၏ (၅ဝ)ရာ ခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းဖြင့် ကျပ်ငွေလဲလှယ်ရန် အမိန့်ကြော်ငြာစာ ထပ်မံထုတ်ပြန်ခဲ့သည်။

ယခုအခါ ၃၅/၆၅ စနစ်ဖြင့်ပြောင်းလဲ ခံစားခွင့်ပြုထားခြင်းလည်းဖြစ်သည်။

ထို့အပြင် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရမည့်ကာလကိုလည်း အာရှနိုင်ငံများသို့ တင်ပို့မှုအတွက် ယခင်တစ်လခွဲအစား တစ်လနှင့် အာရှနိုင်ငံမှအပ အခြားနိုင်ငံများကို တင်ပို့မှုအတွက် ယခင်သုံးလအစား နှစ်လသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၃) ဖြင့် ဗဟိုဘဏ်က ဒီဇင်ဘာ (၂၅) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here