ထိုင်းသံရုံးတွင် အွန်လိုင်းမှ ဗီဇာလျှောက်ထားမှု၌ မသမာမှုများ ရှိနေဟုဆို

0
223

ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသူ အလွန်များပြားနေသည့်အတွက် အွန်လိုင်းစနစ်ဖြင့် ရက်ချိန်းရယူခြင်းကို ပြောင်းလဲကျင့်သုံးခဲ့ပြီးနောက် ယခုအခါ မသမာမှုများရှိနေကြောင်း ထိုင်းသံရုံးမှ သတိပေးထုတ်ပြန်ထားသည်။

ထိုင်းသံရုံးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းမှ စတင်ကာ အွန်လိုင်းမှ ဘိုကင်ယူသည့်စနစ်ကို ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

သံရုံး၌ အွန်လိုင်းမှ ဗီဇာလျှောက်ထားရန် ရက်ချိန်းယူရာ၌ အချို့သော မသမာသူများက ပတ်စ်ပို့ အမျိုးမျိုးသုံးကာ ရက်ချိန်းတွင် (မိမိတစ်ဦးတည်းအတွက် မဟုတ်ဘဲ) ဘိုကင်အများအပြားကို ရယူနေကြကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်များကြောင့် ရက်ချိန်းနေ့တွင် ရက်ချိန်းယူထားသော်လည်း ဗီဇာလျှောက်ထားသူ မရှိသည့် အခြေအနေများ များပြားစွာဖြစ်ပွားနေပြီး သံရုံးဝန်ထမ်း အယောင်ဆောင်ထားသူများက သံရုံးရှေ့တွင် ဗီဇာလျှောက်ထားသူ အချို့အား ယင်းတို့ပါလာသည့် ငွေကြေးကို သံရုံး၏ ကောင်စစ်ဝန်ဌာနသို့ မဝင်မီ စစ်ဆေးပေးမည်ဟုဆိုကာ ဖျားယောင်းသိမ်းသွမ်းမှုများလည်း ရှိနေကြောင်း သိရသည်။

သံရုံးသည် ဗီဇာရက်ချိန်းယူရန်အတွက် ငွေကြေးတောင်းခံခြင်း တစ်စုံတရာ မရှိဘဲ ဗီဇာရက်ချိန်း ရယူလိုသူ တစ်ဦးကို တစ်စုံတစ်ယောက်က ငွေကြေးတောင်းခံလာပါက မယုံကြည်ကြရန် သံရုံးမှ သတိပေးထားသည်။

ဗီဇာလျှောက်ထားကြသူများ အနေဖြင့် (ရက်ချိန်းမလိုအပ်ဘဲ ယူထားခြင်း) ဖြင့် ထိုင်းနိုင်ငံသို့ အရေးတကြီး သွားရောက်ရန် လိုအပ်နေသော ဗီဇာလျှောက်ထားလိုသူများအတွက် ရက်ချိန်းနေရာ မရှိစေတော့သည့် အခြေအနေများ မဖြစ်ပွားစေရန် သံရုံးမှ ရက်ချိန်းယူသည့် စနစ်ကို မှန်ကန်စွာ လုပ်ဆောင်ရန်အတွက် သံရုံးမှ သတိပေးထားသည်။

လက်ရှိတွင် ထိုင်းသံရုံးအနေဖြင့် တစ်ရက်လျှင် လူဦးရေ ၄၀၀ ကို ဗီဇာရက်ချိန်းထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here