နှစ်စဉ် လျှပ်စစ် မဂ္ဂါဝပ် ၅၀၀ ခန့် တိုးထုတ်နိုင်မှသာ မြန်မာ၏ လျှပ်စစ်ဓာတ်အားလို အပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟုဆို

0
150

နှစ်စဉ်လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲမှုသည် ၉ ရာခိုင်နှုန်းနှင့် အထက်ရှိသဖြင့် နှစ်စဉ်လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် ၅၀၀ ခန့် တိုးတက်ထုတ်လုပ်နိုင်မှသာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောသည်။

မတ်လ (၈) ရက်တွင် ပြုလုပ်သည့် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်နှင့် ပြည်သူ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများ၊ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေး ပွင့်ပွင့်လင်းလင်းတင်ပြကြရန် ဝန်ကြီးက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့အပြင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်၍ နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားနိုင်ရန် ပုဂ္ဂလိကကုမ္ပဏီများကလည်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်းလည်း ၎င်းကပြောသည်။

လက်ရှိ ၂၀၂၄ ခုနှစ် နိုင်ငံတော်ဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်အချိုးအစား (Generation Mix) အနေဖြင့် ရေအား (Hydropower) မှ ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင် (Solar and RE) ဖြင့် ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အပူစွမ်းအင် (Gas + Coal) မှ ၅၀ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ National Electricity Master Plan (၂၀၁၄) အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) အရင်းအမြစ်များမှ မဂ္ဂါဝပ် ၃၀၇၀ (၁၇) ရာနှုန်းအထိ ဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။

ထို့ပြင် သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဓာတ်အား စနစ်၏ အခြေခံဝန်အား (Base Load) အနေ ဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ရေအား၊ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နိုင်မည့် စီမံကိန်းများကိုလည်း ဟန်ချက်ညီညီ အကောင်အထည်ဖော်တည်ဆောက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here