ရွှေဈေး၊ ငွေဈေး ဈေးကစားသူများကို အရေးယူမည်ဟု ဗဟိုဘဏ် သတိပေးထားသော်လည်း ဈေးကွက်အတွင်း ဆက်လက်မြင့်တက်နေ

0
142

ဈေးကွက်အတွင်း၌ ရွှေဈေး၊ ငွေဈေးကစားပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကို ဥပဒေနှင့်အညီအရေးယူသွားမည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌက ‌သတိပေး ပြောကြားထားသော်လည်း ရွှေဈေးသည် ဈေးကွက်အတွင်း ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

ရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး တရှိန်ထိုးမြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးသည်လည်း မြင့်တက်လာရာ မတ်လ (၆) ရက်မှ စတင်ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း (၄၀) ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

မတ်လ (၁) ရက်တွင် ရွှေတစ်အောင်စလျှင် ၂၀၃၆ ဒေါ်လာသာရှိခဲ့သည့် ကမ္ဘာ့ရွှေဈေးမှာ တရှိန်ထိုးမြင့်တက်ခဲ့ပြီးနောက် ယနေ့မတ်လ (၉) ရက်တွင် တစ်အောင်စ ၂၁၇၉ ဒေါ်လာအထိ စံချိန်တင် ရောက်ရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အစပိုင်းတွင် တစ်ကျပ်သား (၃၈) သိန်းကျော်သာ ရှိခဲ့ရာမှ ဖေဖေါ်ဝါရီ လလယ်အရောက်တွင် တစ်ကျပ်သား (၃၉) သိန်းအထက် တဖြေးဖြေးမြင့်တက်လာပြီး ယနေ့ မတ်လ (၉) ရက်ညနေပိုင်းတွင် တစ်ကျပ်သား ၄၀၃၅၀၀၀ ကျပ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ရွှေဈေးကွက်အတွင်း စနစ်တကျ ရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် ဈေးနှုန်းအခြေခံ သတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်သည့် ဈေးကွက်ဖော်ဆောင်ရန် ပြင်ဆင်နေပြီး ရွှေဈေး၊ ငွေဈေးကစားပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ်အရေးယူသွားမည် ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မတ်လ (၇) ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားထားသည်။

ထို့အပြင် ရွှေအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်နိုင်ရန်ပြင်ဆင်နေကြောင်းလည်း ထုတ်ဖော်ပြောကြားသွားသည်။

ယင်းကဲ့သို့ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်ပါက ရွှေရောင်းဝယ်ဖောက်ကားခြင်း ၊ လက်ဝယ်ထားရှိခြင်း ၊ သယ်ယူပို့ဆောင်ခြင်း အပါအဝင် ရွှေလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို အစိုးရက ထိန်းကျောင်းလုပ်ဆောင်သွားရမည်ဖြစ်သည်။

ပြည်တွင်းရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှစ၍ နှစ်စဉ်ဈေးနှုန်းမတည်မငြိမ်ဖြစ်ကာ မြင့်တက်လေ့ရှိခဲ့ရာမှ (၃) နှစ်အတွင်း (၃) ဆနီးပါးအထိ မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ရွှေအသင်း၏ ယနေ့ စနေနေ့ ညနေပိုင်း အပိတ်ဈေးနှုန်းမှာ ၃၇၉၄၃၀၀ ကျပ်ဖြစ်ပြီး ပြင်ပရေးနှုန်းနှင့် (၂) သိန်းကျော်သာ ကွာဟကြောင်း သိရသည်။

ရွှေဈေးသည်ယခုထက်မတက်နိုင်လောက်တော့သဖြင့်ရွှေပြန်ရောင်းဖို့အကောင်းဆုံးအချိန်ဖြစ်ကြောင်း အိမ်စုသမားအများစုကြားပြောလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here