ဆိုးလ်မြို့တော် အကွာအဝေးကို ပစ်မှတ်ပြုတဲ့ အမြောက်ပစ်ခတ် လေ့ကျင့်မှုကို ကင်ဂျုံအန်ကိုယ်တိုင် လမ်းညွှန်ဆောင်ရွက်ခဲ့

0
133
This picture taken on March 7, 2024 and released from North Korea's official Korean Central News Agency (KCNA) via KNS on March 8, 2024 shows North Korea's leader Kim Jong Un (C) with members of the Korean People's Army (KPA) during a joint forces artillery training exercise at an undisclosed location in North Korea. (Photo by KCNA VIA KNS / AFP)

နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကိုရီးယားပြည်သူ့တပ်မတော် အမြောက်ပစ်ခတ်လေ့ကျင့်မှုတစ်ခုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် လမ်းညွှန်ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဋ္ဌာနက သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

နယ်စပ်အနီး ချထားတဲ့ တပ်ဖွဲ့တွေ ပါဝင်ခဲ့တဲ့ ယင်း လေ့ကျင့်မှုကို ကြာသပတေးနေ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရန်သူ့မြို့တော်ရဲ့ အကွာအဝေးအတိုင်းအတာကို ပစ်ခတ်မှုလုပ်ခဲ့တာဖြစ်ကြောင်း လူဦးရေ ၁၀ သန်းနီးပါးနေထိုင်ရာ တောင်ကိုရီးယားမြို့တော်ကိုရည်ညွှန်းပြီး KCNA က ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားစစ်တပ်ဟာ အစုအပြုံလိုက်ဒုံးပစ်လောင်ချာတွေနဲ့ စက်ပစ်အမြောက်ကြီးကျည်တွေကို ကြာသပတေးနေ့က ပင်လယ်ဝါအတွင်း ပစ်ခတ်စမ်းသပ်မှုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံး(JSC) ကလည်း ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆောင်ရွက်နေစဉ်ကာလအတွင်း မြောက်ကိုရီးယားစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် စောင့်ကြည့်နေကြောင်း JSC က ဆိုပါတယ်။ Freedom Shield အမည်ရ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွေကို တနင်္လာနေ့မှစကာ လုပ်ဆောင်နေတာဖြစ်ပြီး ယခင်နှစ်ကထက် တပ်ဖွဲ့ဝင်အရေအတွက် နှစ်ဆတိုး ပါဝင်ခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့နယ်စပ်အနီးမှာ အင်္ဂါနေ့ကစလို့ ဂျီပီအက်စ် အချက်ပြမှုတွေကို ပိတ်ပင်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့တယ်လို့ သီးခြားထုတ်ပြန်ချက်တစ်ခုမှာ JCS က ဆိုခဲ့ပြီး ယင်းမှာ ပျက်စီးထိခိုက်မှုတွေ မဖြစ်ပေါ်ခဲ့ပေမယ့် အကျိုးဆက်တွေအတွက် သတိပေးမှုလုပ်ခဲ့တယ်လို့လည်း ပြောဆိုပါတယ်။

ကြာသပတေးနေ့က မြောက်ကိုရီးယားရဲ့ အမြောက်ပစ်ခတ်လေ့ကျင့်မှုတွေဟာ တိုက်ပွဲအသင့်အနေအထားနဲ့ စစ်ပွဲစွမ်းဆောင်ရည် တိုးမြှင့်ရေးကို ရည်ရွယ်ကြောင်း KCNA က ဖော်ပြခဲ့ပါတယ်။

Ref: NBC News


LEAVE A REPLY

Please enter your comment!
Please enter your name here