ပဲများကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ ရှိနေဟုဆို

0
156

ဈေးကွက်အတွင်း၌ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ပဲမျိုးစုံကို ဝယ်ယူသိုလှောင်ခြင်း မပြုရန်နှင့် ယင်းကဲ့သို့ လုပ်ဆောင်မှုများအား မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းကုန်သည်အသင်းမှ စိစစ်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မတ်လ (၈) ရက်တွင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းကုန်သည်အသင်း ဥက္ကဋ္ဌ ထံ ညွှန်ကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အထက်ပါ ညွှန်ကြားချက်၌ လက်ရှိကာလတွင် ပဲမျိုးစုံ ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် ကုန်ပစ္စည်းများ ဝယ်ယူသိုလှောင်မှုရှိသည့်အပြင် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများလည်းရှိကြောင်း သတင်းများ ကြားသိရကြောင်း သိရသည်။

အဆိုပါ သတင်းများနှင့်ပတ်သက်၍ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူသိုလှောင်ထားခြင်း မပြုရန်နှင့် လုပ်ဆောင်မှုများရှိပါက စိစစ်ဖော်ထုတ်သွားရန် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းသို့ ခေါ်ယူအသိ‌ပေးသွားရန် ရည်ညွှန်းချက်ပါစာဖြင့် အကြောင်းကြားထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အိန္ဒိယနိုင်ငံ၏ ပဲရည်ညွှန်းဈေးသတ်မှတ်မည်ဆိုသည့်သတင်းများကြောင့် ပို့ကုန်ပဲများ ဈေးကျဆင်းနေပြီး ယခုအခါ တရုတ်အဝယ်လိုက်ခြင်းကြောင့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲဈေးများ ပြန်လည်မြင့်တက်လာကြောင်း ပဲကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ပြည်တွင်းဈေးကွက်၌ မတ်ပဲတစ်တန်လျှင် ကျပ်သိန်း (၃၀) မှ (၃၂) သိန်းခွဲဝန်းကျင်နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် (၃၉) သိန်းဝန်းကျင် ဖြစ်ပေါ်လျက်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ မတ်လ (၉) ရက်တွင် ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁-၃-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၃၃၈၆ ၅၃.၁၁၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၃၁.၄၁၉) သန်း၊ နယ်စပ်မှ (၁၄၃၁၁၉.၄၆၉) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၄.၇၂၂) သန်း၊ စုစုပေါင်း (၁၄၈၁၇၇၂.၅၈၆) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၂၅၆.၁၄၁)သန်း တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here