ယူကရိန်းမှာ နေတိုးတပ်တွေ ထားရှိရေးဟာ မတွေးအပ်သောကိစ္စမဟုတ်ဟု ပိုလန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

0
138

ယူကရိန်းနိုင်ငံအတွင်း နေတိုးတပ်တွေ ချထားရေးဟာ မတွေးအပ်တဲ့ ကိစ္စမဟုတ်ဘူးလို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပြီး ဒီအယူအဆကို ပစ်ပယ်မထားကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ ပြင်သစ်သမ္မတကိုလည်း ကျေးဇူးတင်တယ်လို့ သူက ဆိုခဲ့ပါတယ်။

နေတိုးအဖွဲ့သို့ ပိုလန်နိုင်ငံဝင်ရောက်ခဲ့မှု ၂၅ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သောကြာနေ့က ပါလီမန်မှာ ဆွေးနွေးခဲ့မှုအတွင်း နိုင်ငံခြားရေးဝန်ကြီး ရာဒက် ဆစ်ကော်စကီက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး သူ့ရဲ့ မှတ်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက တွစ်တာမှာ အင်္ဂလိပ်ဘာသာနဲ့ တင်ထားခဲ့ပါတယ်။

ရုရှားက စစ်မြေပြင်မှာ အရှိန်တစ်ခုရလာကာ ကိဗ်ဘက်မှာ ခဲယမ်းမီးကျောက် လျော့ပါးလာတဲ့ အခြေဆိုက်နေစဉ် ယူကရိန်းကို အကူအညီပေးနိုင်မယ့်အခြေအနေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့မှုဟာ ဥရောပစကားစစ်ထိုးပွဲကြီးတစ်ခုကို ထင်ဟပ်စေပါတယ်။

ရုရှားတပ်တွေကို ခိုင်ခိုင်မာမာ ထိန်းချုပ်ထားဖို့ရာ ယူကရိန်းအတွက် အရေးတကြီးလိုအပ်နေတယ်ဆိုတဲ့ စစ်ရေးအကူအညီအစီအစဉ်ကို အမေရိကန် ကွန်ဂရက်က ဆိုင်းငံ့ထားစဉ် ဥရောပတိုက်ရဲ့ ငြိမ်းချမ်းရေးကို လှုပ်ခတ်စေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး တုန့်ပြန်ဆောင်ရွက်ဖို့ရာ ဥရောပနိုင်ငံတွေအပေါ် ပိုမိုဖိအားဖြစ်လာစေခဲ့ပါတယ်။

အနောက်နိုင်ငံတပ်တွေ ယူကရိန်းကို စေလွှတ်ချထားရေးဖြစ်နိုင်ခြေကို ပစ်ပယ်မထားကြောင်း ပြီးခဲ့တဲ့လမှာ ပြင်သစ် သမ္မတ အီမန်နျူ မက်ခရွန်က ပြောဆိုထားခဲ့ပါတယ်။ ဒီစကားကြောင့် မဟာမိတ်တွေအကြား စည်းဘောင်တွေကို ချိုးဖျက်ကာ အခြားနေတိုးအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေက ပြစ်တင်ဝေဖန်မှုတွေ လုပ်ခဲ့ကြပါတယ်။

မက်ခရွန်ရဲ့ ပြောဆိုချက်ထွက်လာပြီးနောက် တပ်တွေ စေလွှတ်ရေးကိစ္စကို လက်သင့်မခံကြောင်း အဦးဆုံး ထုတ်ဖော်တဲ့ ဥရောပခေါင်းဆောင်တွေထဲမှာ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်လည်း ပါဝင်ခဲ့ပြီး ပိုလန်အနေနဲ့ ယူကရိန်းပိုင်နက်အတွင်း တပ်တွေစေလွှတ်ဖို့ အစီအစဉ် မရှိဘူးလို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

သို့ပေမယ့် ယင်းသို့ပြောပြီး သီတင်းပတ် ၂ ပတ်နီးပါးအကြာ နိုင်ငံခြားရေးဝန်ကြီး ဆစ်ကော်စကီထံက ထွက်လာတဲ့လေသံကတော့ မတူကွဲပြား ပြောင်းသွားခဲ့တာဖြစ်ပါတယ်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ တွစ်တာမှာ တင်ထားချက်အရ ယူကရိန်းမှာ နေတိုးတပ်တွေ ထားရှိရေးဟာ မတွေးအပ်တဲ့ အကြောင်းအရာမဟုတ်ဘူးလို့ သူက ပြောဆိုထားခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့က ပူတင်ကို ကြောက်နေတာ မဟုတ်ဘဲ ပူတင်ကသာ ကြောက်နေခြင်းဖြစ်တာမို့ ဒီအယူအဆကို အစပြုထုတ်ဖော်ခဲ့တဲ့ မက်ခရွန်ကို သူ ကျေးဇူးတင်မိတယ်လို့လည်း ဆိုထားခဲ့ပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here