အသား၊ ငါးဖူလုံမှုရှိစေရေး တိုက်ကြီးမြို့နယ်တွင် မွေးမြူရေးဇုန် အကောင်ထည်ဖော်နေ

0
217

ပြည်သူများ အသား၊ ငါးဖူလုံမှုရှိစေရေး ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ခရိုင်ချင်းဆက်လမ်း မိုင်တိုင် ၃၄/၆ အနီး ဧက ၂၀၀၀ မြေနေရာပေါ်တွင် မွေးမြူရေးဇုန်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါ မွေးမြူရေးဇုန်အတွင်း အဝင်လမ်းနှင့် ပတ်လမ်းများ ဖောက်လုပ်ပြီးစီးမှု၊ လမ်းလုပ်ငန်းများ၊ ရေရရှိရေး ချောင်းပိတ်တမံဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်တိုင်များစိုက်ထူ၍ လျှပ်စစ်သွယ်တန်းသည့် အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ပြီးခဲ့သည့်မတ်လ (၈)ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မွေးမြူရေးဇုန်အတွင်း Box Culvert နှင့် လမ်းများခင်းကျင်းနေမှုနှင့် ဌာနအလိုက်လုပ်ငန်းကဏ္ဍ ဖော်ဆောင်မှုများကို စနစ်တကျအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရန် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

၎င်းမွေးမြူရေးဇုန်အတွင်း နိုင်ငံခြား နွား၊ ဒေသနွား၊ နို့စားနွား၊ ကျွဲ၊ သိုး၊ ဆိတ်၊ ဝက်၊ အသားစားကြက်၊ ဥစားကြက်၊ ဘဲ၊ ငုံးနှင့် ငှက်သိုက် မွေးမြူရေးတို့ကို စီးပွားဖြစ် မွေးမြူထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် တိရစ္ဆာန်အစာ စိုက်ပျိုးရေးလုပ်ငန်းများ ကိုလည်း တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မွေးမြူရေးဇုန်ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သော ပြည်သူများ အသား၊ ငါးဖူလုံမှုရှိစေရေး အကောင် အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here