ချင်းမိုင်မှာ တောမီးရှို့သူများကို သတင်းပေးနိုင်သူတိုင်းအား ဘတ် ၁ သောင်း ဆုချမည်ဟု ကြေညာ

0
164

သစ်တောနယ်မြေတွေမှာ မီးစရှို့ခဲ့သူတွေကို ဖမ်းဆီးရမိရေး သတင်းပေးနိုင်သူတိုင်းအား ဘတ် ၁ သောင်းစီ ဆုချသွားမယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ကြေညာလိုက်ကြောင်း သိရပါတယ်။

ခြောက်သွေ့ရာသီ မတ်လမှာ သစ်တောဧရိယာတွေအတွင်း မီးရှို့ရလွယ်ကူတဲ့အခြေအနေဖြစ်ပြီး မီးခိုးငွေ့တွေ ထိန်းချုပ်နိုင်ရေး အစီအမံတစ်ခုအဖြစ် ဆုကြေးထုတ်ခြင်းဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး နီရတ် ဆစ်သီသာဝမ်က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

“တောမီးစရှို့ခဲ့သူကို ဖမ်းဆီးရမိရေး သတင်းပေးနိုင်သူတိုင်းကို ဆုချီးမြှင့်သွားမှာပါ၊ အမှုစစ်ရဲတွေက တရားခံတွေ့ရှိပြီး ဥပဒေကြောင်းအရ အရေးယူဖို့ လက်ခံပြီဆိုရင် အဲဒီနေ့မှာပဲ ဆုကြေးပေးအပ်သွားမှာဖြစ်တယ်” လို့ ချင်းမိုင် အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပါတယ်။

ယခုအစီအမံကြောင့် သစ်တောထွက်ပစ္စည်းတွေ ထုတ်ယူဖို့ရာ တောမီးရှို့ဖို့ ကြံစည်နေသူတွေကိုလည်း လက်လျှော့သွားစေမယ်လို့ မျှော်လင့်ကြောင်း ၎င်းက ဆိုပါတယ်။

သစ်တောထွက် ပစ္စည်းတွေ ထုတ်ယူဖို့နဲ့ သီးနှံစိုက်ပျိုးရေး မြေယာဖော်ဖို့ရာ မတ်လမှာ ရည်ရွယ်ချက်ရှိရှိ တောမီးရှို့တာတွေ တိုးလာခဲ့ပါတယ်။ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုနဲ့ ထိခိုက်ပျက်စီးမှုတွေ လျှော့ချရေးအလို့ငှာ ချင်းမိုင်ပြည်နယ် တာဝန်ရှိသူတွေက တောမီးတွေ စလောင်ပြီဆိုတာနဲ့ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေခဲ့ကြကြောင်း သိရပါတယ်။

ဘူမိသတင်းအချက်အလက်နဲ့ အာကာသနည်းပညာ ဖွံ့ဖြိုးရေးအေဂျင်စီ(Gistda) ရဲ့ တနင်္ဂနွေနေ့ ညနေ ၂ နာရီအချိန် သတင်းထုတ်ပြန်ချက်အရ ချင်းမိုင်ပြည်နယ်မှာ လေထုအတွင်း PM2.5 အမှုန်းအမွှားပါဝင်မှုဟာ နိုင်ငံအတွင်း အမြင့်ဆုံးအခြေအနေဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here