အခန်း ၇ ခန်း၊ အပိုဒ် ၂၇ ပိုဒ်နှင့် နောက်ဆက်တွဲပုံစံ ၈ ခုပါ အရန်တပ်ဖွဲ့ နည်းဥပဒေကို ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်

0
346

စစ်မှုထမ်းဟောင်းများအား တပ်မတော်တွင် တာဝန်ပြန်လည် ထမ်းဆောင်စေမည့် အရန်တပ်ဖွဲ့ ဥပဒေ၏ နည်းဥပဒေကို ကာကွယ်ရေးဝန်ကြီးဌာနမှ မတ်လ (၁၀)ရက် ရက်စွဲဖြင့် ပြဌာန်းခဲ့သည်။

ယခင် နယက အစိုးရမှ ၂၀၁၀ ပြည့်နှစ်တွင် ပြဌာန်းခဲ့သည့် အရန် တပ်ဖွဲ့ ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်တွင် စတင်အာဏာတည်ကြောင်း နစက  အစိုးရက ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်း ဥပဒေအတွက် နည်းဥပဒေများကို ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ (၁၀) ရက်တွင် ထုတ်ပြန်ခဲ့ပြီး အခန်း ၇ ခန်း၊ အပိုဒ် ၂၇ ပိုဒ်နှင့် နောက်ဆက်တွဲပုံစံ ၈ ခုပါဝင်ကြောင်း သိရသည်။

အခန်း(၁) တွင် အမည်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အခန်း (၂) တွင် အရန်တပ်ဖွဲ့ဝင် စစ်မှုထမ်းရန်ကာလ၊အခန်း(၃) တွင် အရန်တပ်ဖွဲ့ဝင် ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊အခန်း(၄)တွင် မှတ်ပုံတင်ခြင်း၊ဆေးစစ်ခြင်းနှင့် အရန်တပ်ဖွဲ့ဝင်အဖြစ် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း ၊ အခန်း (၅) တွင် ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ၊ အခန်း (၆) တွင် အကျိုးခံစားခွင့် သတ်မှတ်ချီးမြှင့်ခြင်းနှင့် အခန်း(၇) တွင် အထွေထွေ ပြဌာန်းချက်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ အရန်တပ်ဖွဲ့ ဥပဒေအရ တပ်ဖွဲ့ဝင် ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးကာ အဖွဲ့ဝင် (၁၃) ဦးဖြင့် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၆) ရက်က ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

အဆိုပါအဖွဲ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့က ဥက္ကဋ္ဌမှ ဒုတိယ ဥက္ကဋ္ဌ (၁) နှင့် စစ်ရေးချုပ်(စစ်ရေးချုပ်ရုံး) မှ ဒုတိယ ဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ယူထားသည်။

ထို့အပြင် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ၊ စစ်ဦးစီးအရာရှိချုပ်(ရေ)၊ စစ်ဦးစီးအရာရှိချုပ် (လေ) ၊ တွဲဘက်စစ်ရေးချုပ် ၊ တွဲဘက်စစ်ထောက်ချုပ်၊ ဒုတိယ စစ်ရာထူးခန့်ချုပ်၊ တွဲဘက်စစ်ဥပဒေချုပ်၊ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး တပ်မတော် မှတ်တမ်းညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက အတွင်းရေးမှူးနှင့် တပ်မတော် အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးတို့က တွဲဖက်အတွင်းရေးမှူးအဖြစ် ပါဝင်ကြကြောင်း သိရသည်။

အဆိုပါ ဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ အရေးပေါ် အခြေအနေများအတွက်ဖြစ်စေ၊ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရသော စစ်မှုထမ်းဟောင်းများအား တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်က ခွင့်ပြုခဲ့သည့် နောက်ဆုံးအဆင့်နှင့် စစ်ဝတ်စုံတို့ကို သုံးစွဲခွင့်ပြုနိုင်သည်ဟု ပြဌာန်းထားသည်။

ထို့အပြင် အရန်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အရန်တပ်ဖွဲ့ဝင်တစ်ဦး၏ တာဝန်ထမ်းဆောင်မှုအပေါ် မူတည်၍ ၎င်း၏ရာထူးနှင့် အဆင့်ကို တိုးမြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်းပြုနိုင်သည်ဟုလည်း ယင်းဥပဒေ၌ ပြဌာန်းထားသည်။

ယင်းဥပဒေအရ တပ်မတော်မှ အနားယူခွင့်နှင့် နှုတ်ထွက်ခွင့် ရထားသူများ အနေဖြင့် အရန်တပ်ဖွဲ့ဝင်များအဖြစ် (၅) နှစ် တာဝန်ထမ်းဆောင်ရမည့် အခြေအနေရှိနေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here