အော့ကလန်ကို ပျံသန်းနေတဲ့ ခရီးသည်တင် လေယာဉ်တစ်စင်း နည်းပညာပိုင်း ပြဿနာကြုံခဲ့ပြီး ခရီးသည် ၁၂ ဦး ဆေးရုံရောက်

0
165

တနင်္လာနေ့က ဆစ်ဒနီမြို့ကနေ အော့ကလန်မြို့ကို ပျံသန်းနေတဲ့ LATAM လေကြောင်းလိုင်း လေယာဉ်တစ်စင်းဟာ နည်းပညာပိုင်း ပြဿနာတစ်ခုကြုံခဲ့ပြီး ရုတ်တရက်လေယာဉ်ကို ကိုင်ဆောင့်သလိုဖြစ်ခဲ့တာကြောင့် လေယာဉ်ပေါ်ပါ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁၂ ဦးကို ဆေးရုံတင်ပေးခဲ့ရကြောင်း လေကြောင်းလိုင်းနဲ့ ခရီးသည်အချို့က ပြောဆိုပါတယ်။

Tasman ပင်လယ်ဝေဟင်မှာ ပြဿနာပေါ်ခဲ့ပြီးနောက် အနည်းဆုံး လူတစ်ဦး အခြေအနေစိုးရိမ်ရတဲ့ အနေအထားရှိနေတယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ ရုတ်တရက် အမြင့်ကနေ ပြု-တ်-ကျခဲ့ပြီး ထိုင်ခုံခါးပတ် ပတ်မထားတဲ့ ခရီးသည်တွေကို မျက်နှာကျက်ဆီ ဆောင့်တွန်းလိုဖြစ်ခဲ့တယ်လို့ ခရီးသည်တွေက ဒေသတွင်း မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

“ခါးပတ်တွေ ပတ်မထားကြတာကြောင့် လူတွေ လေထဲ မြောက်တက်ကုန်ပါတယ်” လို့ ခရီးသည်တစ်ဦးက RNZ အသံလွှင့်ဋ္ဌာနကို ပြောဆိုပါတယ်။ “တစ်ချို့လူတွေ ဒဏ်ရာတော်တော်ရသွားကြတယ်၊ လူတွေလည်း အရမ်းကြောက်သွားကြတာပါ” လို့ အဆိုပါခရီးသည်က အသံတုန်ယင်စွာနဲ့ ပြောပြခဲ့ပါတယ်။

လေယာဉ်ပျံသန်းနေစဉ် နည်းပညာပိုင်းဖြစ်ရပ်တစ်ခုကြောင့် အပြင်းအထန်လှုပ်ခါမှုဖြစ်စေခဲ့တယ်လို့ ချီလီအခြေစိုက် လေကြောင်းလိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုပါတယ်။ လေယာဉ်ဟာ အစီအစဉ်အတိုင်း အော့ကလန်လေဆိပ်ကို ဆင်းသက်နိုင်ခဲ့တယ်လို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

လေယာဉ်ဘာကြောင့် အခုလိုဖြစ်ရပ် ကြုံခဲ့ရသလဲဆိုတာကိုတော့ လတ်တလောမှာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

နယူးဇီလန်ရဲ့ အကြီးဆုံးမြို့ကို လေယာဉ်ဆင်းသက်လာစဉ် အရေးပေါ် လူနာတင်ယာဉ်တွေနဲ့ အခြား ဆေးဘက်ဆိုင်ရာယာဉ် တစ်ဒါဇင်ကျော်ခန့် အခင်းဖြစ်နေရာကို တမုဟုတ်ချင်းရောက်ရှိခဲ့ကာ ဆေးဝါးကုသမှုတွေ လုပ်ပေးခဲ့ကြပါတယ်။

မိမိတို့ အရေးပေါ်ဋ္ဌာနအမှုထမ်းတွေဟာ ခန့်မှန်းခြေ လူနာ ၅၀ လောက်ကို လက်ခံကုသမှုတွေ လုပ်ပေးခဲ့ကြောင်း၊ ယင်းတို့ထဲက တစ်ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေရှိခဲ့ကြောင်းနဲ့ လူနာ ၁၂ ဦးကို ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း အရေးပေါ်လူနာတင်ယာဉ် ဝန်ဆောင်ဋ္ဌာန St John New Zealand မှ ဂျာရတ်ကမ့်ဘဲလ်က ပြောဆိုပါတယ်။

အခင်းဖြစ်လေယာဉ်ဟာ ဘိုးရင်း 787 Dreamliner အမျိုးအစားလေယာဉ်ဖြစ်တယ်လို့ LATAM က ပြောဆိုပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here