ဂျပန်ငလျင် ဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် မြန်မာမှ ကန်ဒေါ်လာ ၁ သိန်း လှူဒါန်း

0
161

ဂျပန်နိုင်ငံ၊ အီရှီကာဝါပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၆ အဆင့်ရှိ မြေငလျင်၏ ဒဏ်ကို ခံစားခဲ့ရသည့် ပြည်သူများအတွက် မြန်မာအစိုးရမှ ဂျပန်ကြက်ခြေနီ အသင်းသို့ အမေရိကန် ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မတ်လ (၁၁)ရက်၊ နံနက်ပိုင်းက တိုကျိုမြို့ရှိ ဂျပန်ကြက်ခြေနီအသင်းရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

မြန်မာအစိုးရ၏ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၁ သိန်းနှင့်ညီမျှသော ဂျပန်ယန်းငွေ ၁၄,၉၄၂,၀၀၀/- အား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ ဂျပန်ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ Mr. Atsushi Seike ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးမှု သမိုင်းကြောင်းရှည်ကြာသော မိတ်ဆွေနိုင်ငံများ ဖြစ်ကြပြီး သဘာဝဘေးအန္တရာယ်ကဲ့သို့သော အခက်အခဲကျရောက်သည့် အချိန်တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား အပြန်အလှန်ကူညီခဲ့ကြသည့် သမိုင်းကြောင်း ရှိခဲ့ကြောင်း ၎င်းအလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် သံအမတ်ကြီး ဦးစိုးဟန်က ပြောကြားခဲ့သည်။

အီရှီကာဝါ ပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်အတွက် မြန်မာအစိုးရမှ ဒေါ်လာ ၁ သိန်း လှူဒါန်းသည့်အတွက် များစွာကျေးဇူးတင်ကြောင်းလည်း ဂျပန်ကြက်ခြေနီအသင်းဥက္ကဋ္ဌ Mr. Atsushi Seike က ပြန်လည် ပြောဆိုခဲ့သည်။

မြန်မာအစိုးရမှ ယခု လှူဒါန်းငွေအား ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လှူဒါန်းမှုလက်ခံရရှိကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်းစာကို ဂျပန် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ Mr. Atsushi Seike မှ သံအမတ်ကြီး ဦးစိုးဟန် သို့ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here