ရွေးကောက်ပွဲ နီးလာချိန်မှာ မွတ်ဆလင်တို့ ဆန့်ကျင်တဲ့ နိုင်ငံသားဥပဒေကို အိန္ဒိယ အကောင်အထည်ဖော်ဖို့ လုပ်လာ

0
164

မွတ်ဆလင် ဆန့်ကျင်ရေးဥပဒေတစ်ရပ်ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောဆိုသော ၂၀၁၉ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေကို အကောင်အထည်ဖော်ဖို့ရာ အိန္ဒိယအစိုးရက မတ်လ ၁၁ ရက်မှာ လုပ်ထုံးလုပ်နည်း စည်းမျဉ်းတွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဝန်ကြီးချုပ် နာရင်ဒြာမိုဒီအနေနဲ့ သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးအစိုးရအတွက် ရှားရှားပါးပါး တတိယသက်တမ်း အနိုင်ရရေးကြိုးပမ်းမယ့် အထွေထွေရွေးကောက်ပွဲတွေ မတိုင်မီ သီတင်းပတ်များအလိုမှာ အခု ထုတ်ပြန်ချက် ထွက်လာတာဖြစ်ပါတယ်။

နိုင်ငံသားဖြစ်မှု ပြင်ဆင်ချက်အက်ဥပဒေအရ မွတ်ဆလင်နိုင်ငံတွေဖြစ်တဲ့ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နိုင်ငံတွေကနေ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးဝင်ရောက်လာတဲ့ ဟိန္ဒူတွေ၊ ပါစစ်တွေ၊ ဆစ်ခ်တွေ၊ ဗုဒ္ဓဘာသာတွေ၊ ဂျိန်းတွေနဲ့ ခရစ်ယာန်တွေကို အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ပေးထားကြောင်း သိရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ဥပဒေကို အတည်ပြုအပြီး ရက်သတ္တပတ်များအတွင်း နယူးဒေလီနဲ့ နိုင်ငံရဲ့ အခြားနေရာတွေမှာ ဆန္ဒပြမှုတွေနဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် မစ္စတာ မိုဒီရဲ့ အစိုးရက ဥပဒေအကောင်ဖော်ရေး နည်းဥပဒေတွေ မရေးဆွဲဘဲ ထားခဲ့ပါတယ်။

“နိုင်ငံသားဖြစ်မှုဆိုင်ရာ ပြင်ဆင်ချက်အက်ဥပဒေကို အကောင်အထည်ဖော်ဖို့ မိုဒီအစိုးရက ကြေညာလိုက်ပါတယ်” လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စာပို့မက်ဆေ့ချ်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ ဒါဟာ BJP ပါတီရဲ့ ၂၀၁၉ ကြေညာစာတမ်းမှ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံရောက် အဖိနှိပ်ခံခဲ့ရသူတွေအတွက် နိုင်ငံသားဖြစ်ခွင့်ရရှိရေး လမ်းခင်းပေးမှာဖြစ်ကြောင်း အာဏာရ BJP ပါတီရဲ့ ၂၀၁၉ ရွေးကောက်ပွဲကြေညာစာတမ်းကို ရည်ညွှန်းကာ ၎င်းက ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here