သတိပေးမှုများနှင့် ရွှေဈေးထိန်းရန် ကြိုးစားနေသော်လည်း ပြည်တွင်းရွှေဈေး တစ်ကျပ်သား သိန်း (၄၀) အထက်၌ ဆက်လက်မြင့်တက်နေ

0
242

ကောလာဟလများဖြန့်ကာ ရွှေဈေးဆွဲမတင်ကြရန်နှင့် ဈေးကစားခြင်းများ မပြုလုပ်ကြရန် သက်ဆိုင်ရာက သတိပေးမှုများ လုပ်ဆောင်နေသော်လည်း ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား သိန်း (၄၀) အထက်၌ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စတင်ကာ တစ်ကျပ်သား သိန်း(၄၀) အထက်သို့ ရောက်လာသည့် ပြည်တွင်းအခေါက် ရွှေဈေးနှုန်းမှာ ယနေ့ မတ်လ (၁၂) ရက်တွင် ပြင်ပဈေးကွက်အတွင်း၌ တစ်ကျပ်သား ၄၀၇၀၀၀၀ ကျပ် အထက်သို့ ရောက်လာကြောင်း သိရသည်။

ယင်းကဲ့သို့ ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်နေခြင်းမှာ ဈေးကစားသူများ နှင့် ကောလာဟလဖြန့်၍ ဈေးဆွဲတင်နေသူများကြောင့် ဖြစ်ကြောင်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

” အဓိကတော့ ကောလာဟလတွေပါပဲ။ ကောလာဟလတွေ အမျိုးမျိုးလွှင့်ပြီး ဈေးနှုန်းဆွဲတင်နေကြတာပေါ့။ကောလာဟလ မရှိရင် ဘာမှမဖြစ်ပါဘူး။ ကောလာဟလတွေကြောင့် ဈေးတက်နေတာပေါ့” ဟု ဦးမျိုးမြင့်က ပြောသည်။

ဈေးကွက်အတွင်း ရွှေနှင့် ငွေဈေးကစားသူများကို သက်ဆိုင်ရာက ဖော်ထုတ်အရေးယူမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နေပြည်တော်တွင် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်များတွေ့ဆုံစဉ် ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောကြားထားသည်။

ယင်းကဲ့သို့ ပြောကြားခဲ့ပြီး နောက်တစ်ရက်တွင်ပင် ရွှေဈေး သိန်း(၄၀) သို့ ရောက်ရှိခဲ့ပြီး လက်ရှိတွင် (၄၁) သိန်း ဝန်းကျင်သို့ တဖြေးဖြေးကပ်လာသည့် အခြေအနေဖြစ်သည်။

ယင်းကဲ့သို့ ရွှေဈေးမြင့်တက်နေမှုပတ်သက်၍ ရန်ကုန်ရွှေအသင်းမှ ယနေ့ မတ်လ (၁၂) ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ သတိပေးလာပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရွှေအရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် အသင်းမှထုတ်ပြန်သည့် ရည်ညွှန်းဈေးအောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။

ရွှေဈေးကွက်အတွင်း၌ ဌာနဆိုင်ရာများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟုလည်း အသိပေးထားသည်။

” စစ်ဆေးတာကတော့ ဌာနဆိုင်ရာက လုပ်တာပါ” ဟု ဦးမျိုးမြင့်က ပြောသည်။

လက်ရှိတွင် ဈေးနှုန်း အမြင့်ပိုင်းသို့ရောက်နေသည့်အတွက် ဈေးကွက်အတွင်း၌ အရောင်းအဝယ် အေးနေပြီး ဈေးကွက်တည်ငြိမ်နေကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာလည်း သမိုင်းတလျှောက် အမြင့်ဆုံးအခြေအနေသို့ စံချိန်တင်မြင့်တက်နေပြီး ယင်းကဲ့သို့ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုအပေါ်အခွင့်ကောင်းယူကာ ပြည်တွင်းရွှေဈေးကို ဈေးကစားမှုများ လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်ဆလျင် အမေရိကန်ဒေါ် လာ ၂၁၇၈ ဒေါ်လာ ဖြစ်ပြီး ရန်ကုန်ရွှေအသင်းမှ ထုတ်ပြန်ထားသည့် ပြည်တွင်းရွှေရည်ညွှန်းဈေးမှာ ၃၇၉၆၆၀၀ ကျပ်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here