ဇရပ်ကြီးမြို့အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာများမှစစ်ရှောင် (၅ဝဝ) ခန့် တောင်ငူတွင်ဆက်လက်ခိုလှုံနေဆဲ ဟုဆို

0
177

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ ဇရပ်ကြီးမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ စစ်ရှောင်ဦးရေ (၅၀၀)ခန့် တောင်ငူမြို့တွင် ဆက်လက်ခိုလှုံနေဆဲဖြစ်ကြောင်း စစ်ရှောင်အရေးနှင့် လူမှုကူညီမှုများ လုပ်ဆောင်ပေးနေသူများထံမှ စုံစမ်းသိရသည်။

လက်ရှိတွင် ဒေသတွင်း စစ်ရှောင်များအနေဖြင့် ခပေါင်းတံတားအနီးရှိ စစ်ရှောင်စခန်း အပါအဝင် မြို့တွင်းရှိ ဘုန်းကြီး ကျောင်းများ၌ ခိုလှုံနေကြခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသူတစ်ဦးက ဆိုသည်။

“အချို့က ရက်ရှည်လာတဲ့အခါမှာ စားရေးသောက်ရေးနေရေးထိုင်ရေး ကူညီနိုင်သလောက် ကူညီနိုင်ပေမယ့်လည်း အဖက်ဖက်က ပြည့်စုံမှုတော့ မရှိဘူး”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဇရပ်ကြီးမြို့အနီးပတ်ဝန်းကျင်တွင်ထိတွေ့မှုများထပ်မံဖြစ်ပွားမှုကြောင့် ပြန်လည်ခိုလှုံလာသူအချို့လည်းရှိနေကြောင်း သိရသည်။

“ဇရပ်ကြီးမြို့ပေါ်မှာတော့ ထပ်မဖြစ်ဘူး။ ချောင်းချားတို့၊ တလအိုင်၊ဂွအိုင်တို့ နေရာတွေမှာဖြစ်တာပေါ့။ အဲ့ဒီလိုဖြစ်တော့ ဇရပ်ကြီးနဲ့ မလှမ်းမကမ်းလေးတွေဆိုတော့ ပြန်သွားတဲ့သူတွေက ကြောက်ပြီး ပြန်ရောက်လာကုန်တာပေါ့”ဟု ၎င်းက စစ်ရှောင်အရေးနှင့်ပတ်သက်၍ ဒေသတွင်း အခြေအနေကို ထပ်မံရှင်းပြသည်။

ထို့ကြောင့် တောင်ငူမြို့ပေါ်ရှိ ခပေါင်းတံတားအနီး စစ်ရှောင်စခန်းအပါအဝင် မြို့တွင်းဘုန်းကြီးကျောင်းများတွင် ဆက်လက်ခို့လှုံနေဆဲနှင့် ပြန်လည်ရောက်ရှိလာသူများလည်း ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇)ရက်က စတင်ဖြစ်ပွားခဲ့သည့် ဇရပ်ကြီးတိုက်ပွဲကြောင့် မြို့ခံများနှင့် အနီး‌ဝန်းကျင် ကျေးရွာများမှ ပြည်သူအမြောက်အများ တောင်ငူမြို့သို့ လာရောက်တိမ်းရှောင်ခဲ့ကြခြင်းဖြစ်ပြီး အချို့မှာ နေရပ်ပြန်ကြပြီဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here