ဂျပန် အာကာသကုမ္ပဏီ Space One ရဲ့ ဒုံးပျံ လွှတ်တင်အပြီး မကြာခင် ပေါက်ကွဲမှုဖြစ်ခဲ့

0
185

ဂျပန်ကုမ္ပဏီတစ်ခုက ပြုလုပ်တဲ့ ဒုံးပျံဟာ ဗုဒ္ဓဟူးနေ့(မတ် ၁၃) က လွှတ်တင်မှုလုပ်ခဲ့အပြီး မကြာခင်မှာပဲ ပေါက်ကွဲသွားခဲ့တယ်လို့ သိရကာ ဒုံးပျံပေါက်ကွဲပျက်စီးခဲ့တဲ့ ဗီဒီယိုကို NHK သတင်းမှာ ဖော်ပြခဲ့ပါတယ်။

တိုကျိုအခြေစိုက် Space One ကုမ္ပဏီဟာ အာကာသပတ်လမ်းအတွင်း ဂြိုဟ်တုတစ်လုံး အောင်မြင်စွာ စေလွှတ်ထားရှိနိုင်တဲ့ ပထမဆုံး ဂျပန် ပုဂ္ဂလိက ကုမ္ပဏီဖြစ်လာဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။

၁၈ မီတာ ရှည်တဲ့ လောင်စာခဲသုံး Kairos ဒုံးပျံဟာ အစိုးရရဲ့ စမ်းသပ်ဂြိုဟ်တုတစ်လုံးကို သယ်ဆောင်သွားတာဖြစ်ပြီး ဂျပန်အနောက်ပိုင်း ဝါကာယာမာစီရင်စုရှိ ကုမ္ပဏီပိုင် ပစ်လွှတ်စင်မှ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တင်လိုက်ပြီး စက္ကန့်ပိုင်းအကြာမှာပဲ ဒုံးပျံဟာ ပေါက်ကွဲပြီး မီးလုံးတွေထွက်ပေါ်ခဲ့ကာ ပစ်လွှတ်စင်ဧရိယာကို မီးခိုးမည်းတွေ ဖုံးလွှမ်းသွားစေခဲ့ပါတယ်။

မီးလောင်ဒုံးပျံ အပိုင်းအစတွေ ပတ်ဝန်းကျင် တောင်စောင်းတွေပေါ် ပြုတ်ကျခဲ့တာတွေ့ရပြီး ရေဖျန်းစက်တွေနဲ့ လိုက်လံဖျန်းကာ ငြိမ်းသတ်ခဲ့ကြပါတယ်။

ယခုလိုဖြစ်ရတဲ့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း Space One ကထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ဒုံးပျံ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်း၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ပတ်သက်ပြီး လတ်တလောမှာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ပုံမှန်အားဖြင့် ဒုံးပျံလွှတ်တင်မှုလုပ်နေစဉ်အတွင်း ဒုံးလွှတ်စင်တွေ အနီးအနားနေရာတွေမှာ လူတွေ ရှိနေလေ့ မရှိပါဘူး။ လွှတ်တင်မှု လုပ်ငန်းစဉ် အများစုကို အလိုအလျောက်စနစ်ဖြင့်သာလုပ်ခဲ့တာဖြစ်ပြီး အကြမ်းအားဖြင့် မြေပြင်ထိန်းချုပ်ရေးစင်တာမှာ ဝန်ထမ်း တစ်ဒါဇင်ခန့်သာ လိုအပ်ကြောင်း Space One က ပြောဆိုခဲ့ပါတယ်။

ယခု ဒုံးပျံလွှတ်တင်မှု မအောင်မြင်ခဲ့ခြင်းဟာ အကျိုးအမြတ်များနိုင်တဲ့ ဂြိုဟ်တုလွှတ်တင်ရေး ဈေးကွက်အတွင်း ဝင်ရောက်နိုင်ရေး ဂျပန်နိုင်ငံရဲ့ အားထုတ်မှုတွေအပေါ် ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ်။

Ref: CN


LEAVE A REPLY

Please enter your comment!
Please enter your name here