မြန်မာမှ ရုရှားသို့ ရေထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ပိုမိုတင်ပို့နိုင်ရေး၊ ပညာတော်သင်များ ပိုမိုစေလွှတ်သင်ကြားနိုင်ရေး ဆွေးနွေး

0
132

မြန်မာမှ ရုရှားသို့ ရေထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ပိုမိုတင်ပို့နိုင်ရေး၊ ပညာတော်သင်များ ပိုမိုစေလွှတ်သင်ကြားနိုင်ရေးနှင့် ပတ်သက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ဒေသ၊ Ulan-Ude မြို့၌ ပြုလုပ်သည့် Gastro Camp Buryatia Project တွင် မြန်မာသံအမတ်ကြီး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းသည် Buryatia ဒေသအစိုးရ၊ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မတ်လ (၇) ရက်မှ (၁၁) ရက်အထိ Buryatia ဒေသ၊ Ulan-Ude မြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း သံအမတ်ကြီးသည် Buryatia ဒေသအစိုးရ အကြီးအကဲ Mr. Alexey Sambuevich Tsydenov ဦးစီးသည့် ဒေသအစိုးရအဖွဲ့ဝင်များနှင့်အတူ အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် သံအမတ်ကြီးက မြန်မာ-ရုရှားချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်ခိုင်မာလာမှုနှင့်အတူ မြန်မာနိုင်ငံသို့ ရုရှားခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး၊ မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများပိုမိုတင်ပို့နိုင်ရေး၊ အထည်ချုပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ပညာတော်သင်များ ပိုမိုစေလွှတ်သင်ကြားနိုင်ရေး၊ ဒေသအစိုးရနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေး အလေးထားဆွေးနွေးပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း သံအမတ်ကြီးသည် Buryatia အစိုးရခရီး သွားလုပ်ငန်းဝန်ကြီးနှင့်အတူ Ulan-Ude ဒေသရှိ ကမ္ဘာကျော် Baikal ရေကန်နှင့် ခရီးသွားနေရာများ၊ ပြတိုက်များ၊ ခေတ်မီစက်ရုံအလုပ်ရုံများ၊ ဟိုတယ်နှင့်ခရီးသွားလာရေး သင်တန်းကျောင်းတို့သို့ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့အပြင် အထင်ကရ ဗုဒ္ဓဘာသာ ဘုရားကျောင်းများသို့ သွားရောက်ဖူးမြှော်၍ ဒေသအစိုးရအဖွဲ့အကြီးအကဲ နှင့်အတူ တတိယအကြိမ်မြောက် တိုက်ခိုက်ရေးဆိုင်ရာ အားကစားနည်းများနှင့် ရိုးရာကိုယ်ခံပညာ အားကစား ပြိုင်ပွဲ၊ ခရီးသွားလုပ်ငန်းဗဟိုဌာန၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ရုရှားရိုးရာအစားအစာပြပွဲနှင့် ညစာစားပွဲများသို့ ပါဝင်တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here