MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း နှင့် ကချင်ယူနိုက်တက်အသင်းတို့ အုပ်စုအဆင့် ယှဉ်ပြိုင်ကစားမည်

0
150

ပြီးခဲ့သော ၂၀၂၃ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဘွဲ့ရရှိထားသော ရှမ်းယူနိုက်တက်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ မတ်လ (၃၁)ရက်တွင် အုပ်စုပွဲစဉ်အရ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ၂၀၂၄ ခုနှစ်အတွက် ရိန်းဘိုး FC နှင့် Glory Goal FC အသင်းတို့နှင့် ကစားရာတွင် (၂)ပွဲကစားလုံး အနိုင်ရရှိကာ ရမှတ်(၆)မှတ်ဖြင့် အုပ်စုအဆင့် ထိပ်ဆုံး၌ ရပ်တည်နေသည်။

အလားတူ ကချင်ယူနိုက်တက်အသင်းအနေဖြင့်လည်း ပွဲဦးထွက်အနေဖြင့် ရိန်းဘိုး FCနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ဖြင့် ကစားရာတွင် (၂)ပွဲကစား (၂)ပွဲနိုင်ဖြင့် ရမှတ်(၆)မှတ်ဖြင့် ရပ်တည်နေသည့် အသင်းတစ်သင်းဖြစ်သည်။

လက်ရှိတွင် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ကင်မရွမ်းနိုင်ငံသား နောက်ခံလူ ဘိုယိုမိုကို ခေါ်ယူအားဖြည့်ထားပြီး အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းနှင့်အတူ ပူးပေါင်းလက်တွဲရန် ဂျပန်နိုင်ငံသား မစ္စတာဟီရိုကီအိုနိုအား နည်းစနစ်ဒါရိုက်တာအဖြစ် ထပ်မံခန့်အပ်ထားကြောင်း သိရသည်။

၎င်းသည် ထိုင်း၊ ဂျပန်နှင့်အင်္ဂလန် နိုင်ငံတို့တွင် နည်းပြချုပ်၊ လူငယ်အသင်း နည်းပြနှင့် သက်တမ်းအလိုက်အကယ်ဒမီနည်းပြအဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here