(၅)လနီးပါး ပိတ်ထားခဲ့သည့် ချင်းရွှေဟော်နှင့် ကြူကုတ် (ပန်ဆိုင်း) နယ်စပ်ကုန်သွယ်ရေးဂိတ်တို့ ပြန်လည်ဖွင့်လှစ်

0
225

ရှမ်းမြောက် တိုက်ပွဲများကြောင့် ငါးလနီးပါးပိတ်ထားသည့် ချင်းရွှေဟော်နယ်စပ်ဂိတ်နှင့် ကြူကုတ်(ပန်ဆိုင်း) ကုန်သွယ်ရေးဂိတ်ကို မတ် (၁၁) ရက်က စတင်ကာ ပြန်လည်ဖွင့်လှစ်ပေးထားပြီဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ စုံစမ်း သိရသည်။

ကိုးကန့်တပ်ဖွဲ့(MNDAA)တို့ရှိနေသည့် အဆိုပါ နယ်စပ်ဂိတ် နှစ်ခုကို တရုတ်နှင့် ဒေသတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မြန်မာပြည်မမှ ကုန်စည်များ တရုတ်သို့ ပို့ဆောင်ခွင့်ရှိဦးမည် မဟုတ်ကြောင်းလည်း သိရသည်။

အလားတူ တရုတ်မှ မြန်မာပြည်သို့တင်သွင်းမည့် ကုန်စည်များကို အဆိုပါ နယ်စပ်ဂိတ်များမှတဆင့် သယ်ယူခွင့်ပြုမည့်အခြေအနေမရှိသေးကြောင်း ဒေသခံသတင်းရင်းမြစ်များကဆိုသည်။

” သူကတော့ လူအဝင်အထွက်နဲ့ ဒေသတွင်းကုန်စည်စီးဆင်းမှုအတွက်ပဲ ပြန်ဖွင့်တယ်လို့ ယူဆရတယ်။ တခြားကုန်စည်စီးဆင်းမှုတွေက မပါသေးဘူး။ သေချာတော့ မသိရဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းက စခဲ့သည့် ရှမ်းမြောက် တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် ဆောင်ရွက်ရသည့် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍမှာ လုံးဝနီးပါး ရပ်တန့်သွားခဲ့ရခြင်း ဖြစ်သည်။

ယင်းကဲ့သို့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေမှုကြောင့် နယ်စပ် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ အထိနာခဲ့သည့်အပြင် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍကိုလည်း များစွာရိုက်ခတ်မှု ရှိခဲ့သည့် အခြေအနေလည်း ဖြစ်သည်။

ရှမ်းမြောက်ရှိ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ရပ်တန့်နေချိန်တွင် အချို့ကုန်သည်များအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းလမ်းကြောင်းများကို ပြောင်းလဲ အသုံးပြုနေရပြီး လမ်းခရီးကြန့်ကြာမှု ၊ စားရိတ်စားခကြီးမြင့်မှုများကြောင့် တွက်ခြေမကိုက်ဘဲ အရှုံးပေါ်ရသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်လအတွင်းက ကူမင်းတွင် ပြုလုပ်သည့် မြောက်ပိုင်း (၃) ဖွဲ့နှင့် မြန်မာ့တပ်မတော် ၊ အစိုးရ တို့၏ (၄) ကြိမ်မြောက်ဆွေးနွေးမှုတွင် ရှမ်းမြောက်ရှိ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကိစ္စ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း အကြမ်းဖျဉ်း သိရှိရသော်လည်း နှစ်ဘက်အဖွဲ့အစည်းများက အသေးစိတ်ထုတ်ပြန်ခြင်းမျိုး မတွေ့ရပေ။

သို့သော် နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နယ်စပ်ဂိတ်များအား စီမံခွင့်နှင့်ပတ်သက်၍ ပြောကြားရာတွင် နှစ်နိုင်ငံ နယ်စပ်ဂိတ်များအားလုံးကို တရုတ် – မြန်မာ နှစ်နိုင်ငံအစိုးရများ၏ စီမံထိန်းချုပ်မှုအောက်တွင်သာ ထားရှိမည်ဟု ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here