(၇၆)ကြိမ်မြောက် သမိုင်းဝင်ရွှေစာရံ ဘုရားပွဲတော်ကျင်းပရန် ပြင်ဆင်နေပြီဖြစ်ဟု ဆို

0
328

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ရွှေစာရံစေတီတော်မြတ်ကြီး၏ (၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ကျင်းပရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မည်သည့်ရက်တွင် စတင်ကျင်းပမည်ဆိုကို မသိရှိရသေးသော်လည်း လက်ရှိတွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချရန်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

“ရက်တော့ သေချာမသိရသေးဘူး။ ပွဲတော်က မစသေးဘူး၊ ဈေးဆိုင်ခန်းတွေတော့ ဆောက်နေကြပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေစာရံစေတီတော်၏ (၇၅)ကြိမ်မြောက် စိန်ရတု ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ပြီးခဲ့သည့်နှစ် မတ်လ (၅) ရက် (တပေါင်း လပြည့်)မှ မတ်လ(၁၄) ရက်အထိ (၁၀)ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

ဘုရားပွဲတော်တွင် မြန်မာ့ရိုးရာပစ္စည်းများဖြစ်သည့် ထန်းရွက်ဖြင့်ပြုလုပ်ထားသော ငါးရုပ်များ၊ ထန်းရွက်ပုတီးများ၊ အဝတ်အထည်များနှင့် မုန့်မျိုးစုံတို့ကိုလည်း ရောင်းချလေ့ရှိသည်။

ယမန်နှစ်က ဘုရားပွဲတော်တွင် ဘုရားဖူးလာသူများ ဒုဋ္ဌဝတီမြစ်၌ ဇီဝိတဒါန ကုသိုလ်ပြု ငါးဘေးမဲ့လွှတ်နိုင်ရန် ပြုလုပ်‌ပေးထားခဲ့ပြီး ဈေးဆိုင်ခန်းများအနေဖြင့် ဈေးဆိုင်ခန်း (၈၀ဝ) ကျော်အထိ ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

ရွှေစာရံစေတီတော်မြတ်အား တည်ထားကိုးကွယ်ခဲ့သည့် မူလလက်ရင်း ဘုရားဒါယိကာမမှာ မိုင်းမောဝ် ဧကရီလှဒေဝီ စောမွန်လှ (ရှမ်းပြည်နယ်အခေါ်) စဝ်မွမ်းလ ဖြစ်ကြောင်း ဘုရားသမိုင်းအရ သိရသည်။

မြန်မာနိုင်ငံတွင် ရွှေစာရံဘွဲ့တော်ဖြင့် ထင်ရှားသောစေတီနှစ်ဆူရှိကာ မွန်ပြည်နယ် သထုံမြို့ရှိ ရွှေစာရံစေတီတော် နှင့် ယခုဘုရားပွဲကျင်းပမည့် မန္တလေးတိုင်း၊ မြစ်ငယ်မြစ်ပေါ်တွင် တည်ရှိသော ရွှေစာရံစေတီ ဟူ၍ဖြစ်သည်။

စေတီတော်သမိုင်းအရ မွေတော်ဓာတ်‌တော်များကို ကောင်းကင်မှ စာကလေးငှက်များဝန်းရံနေသည်ကို အစွဲပြု၍ “ရွှေစာရံစေတီတော်” ဟု မှည့်ခေါ်ခဲ့ကြခြင်းဖြစ်သည်ဟုဆိုထားသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here