တရုတ်သို့ တင်ပို့နေသည့် မြန်မာ့ဖရဲဈေးကွက်ကို လာအိုဖရဲဈေးကွက်က ဝင်ရောက်နေရာယူထားဟုဆို

0
143

ပြီးခဲ့သည့် ကိုဗစ်ကာလနှင့် နယ်စပ်ဒေသပဋိပက္ခ အခြေအနေများအတွင်း တရုတ်နိုင်ငံ၏ ကန့်သတ်ချက်များကြောင့် မြန်မာ့ဖရဲဈေးကွက် ပျောက်ခဲ့ရပြီး လာအိုဖရဲဈေးကွက်က ဝင်ရောက်နေရာယူထားကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် နှစ်သစ်ကူးကာလအတွင်း မြန်မာ့ဖရဲဈေးကွက်သည် ဈေးကောင်းရခဲ့သော်လည်း ယခုအခါ အဝယ်အေးပြီး ဈေးကျနေကြောင်း သိရသည်။

” လာအိုဖက်ကနေ တရုတ်ပို့တဲ့ သစ်သီးဝလံတွေ မြန်မာဖက်က၂၀၁၉ ကစတဲ့ အခက်အခဲကာလတွေမှာ အခွင့်အရေးယူပြီး ဈေးကွက်ဝေစုကို ၅၀ ရာခိုင်နှုန်းကျော် ခွဲဝေယူသွားတယ်။ မြန်မာ့ဖရဲတွေကို တရုတ်ဝယ်လက်တွေ ပထမပိုင်းဝယ်သွားတဲ့ ဖရဲတွေမှာ အပုပ်အနာများပြီး ဆုံးရှုံးမှုများခဲ့တယ်။ ဖရဲတွေထပ်ဝယ်ဖို့ လက်နှေးလာရတယ်။ ဒီအချိန်စပေါ့ပြောက် တချို့တလေ ထပ်မြင်တော့ လက်တွန့်ကုန်တာလည်းပါမယ်။ အဲဒါကြောင့် ဈေးကွက်က‌ အေးသွားတာ “ဟု သစ်သီးကုန်သည်တစ်ဦးက ပြောသည်။

ယင်း အခြေအနေကြောင့် တရုတ်ဝယ်လိုအားကို သတိဖြင့်စောင့်ကြည့်ကာ တင်ပို့မှုကို ခြုံ့၍ အလုံးသန့်များကိုသာတင်ပို့ရောင်းချရန်လည်း သတိပေးထားသည်။

ထို့ပြင် ပြည်ပတင်ပို့မှု ကျဆင်းနေချိန် ပြည်တွင်းဈေးကွက်ကိုသာ အဓိကထား တင်ပို့ရောင်းချရန်စီစဉ်နေပြီးပြည်တွင်းစားသုံးသူများအနေဖြင့် ဖရဲသီးများများ စားပေးရန်လည်း သစ်သီးကုန်သည်များက တိုက်တွန်းထားသည်။

ပြည်တွင်း၌ ဖရဲစိုက်ဧကပေါင်း ငါးသောင်းကျော် နှစ်စဉ်စိုက်ပျိုးလေ့ရှိပြီး တရုတ်ဈေးကွက်သို့ နှစ်စဉ် ဖရဲသီးတန်ချိန် ခြောက်သိန်းမှ ရှစ်သိန်းကြား တင်ပို့လျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလမှ မေလအတွင်းသည် ဖရဲသီးလှိုင်လှိုင်ပေါ်သည့် ကာလဖြစ်ပြီး တရုတ်ဝယ်လက်ကိုသာ အဓိက အားထားနေရသည့်အတွက် လက်ရှိအခြေအနေတွင် ဆုံးရှုံးနစ်နာမှုများနှင့် ရင်ဆိုင်နေကြရကြောင်း တောင်သူများက ဆိုသည်။

ဓာတ်ပုံ – ခွာညို သစ်သီးပွဲရုံ


LEAVE A REPLY

Please enter your comment!
Please enter your name here