ရန်ကုန်သင်္ကြန်ကို မြို့တော်ခန်းမ၊ ပြည်သူ့ရင်ပြင်တို့တွင် ခရိုင်အလိုက် ရေကစားမဏ္ဍပ်များဖြင့် သိုက်မြိုက်စွာ ကျင်းပမည်

0
112

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ(၁၃)ရက် နံနက် (၉) နာရီခွဲက မြို့တော်ခန်းမ၊ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပပြုလုပ်ခဲ့သည်။

“ယခုနှစ်တွင် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပြည်သူများ ပျော်ရွှင်အေးချမ်းလုံခြုံစွာ ရေကစားနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စေရေးအတွက် ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော်၏ ဂုဏ်ကို ဖော်ဆောင်နိုင်ရန်အတွက် အစဉ်အလာနှင့်အညီ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် ထားရှိပြီး စည်စည်ကားကား ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု ဒုတိယမြို့တော်ဝန် ဦးညီညီက ပြောကြားသည်။

ထို့အပြင် ပြည်သူ့ရင်ပြင်တွင်လည်း ရေကစားမဏ္ဍပ်များ၊ ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်းအကအလှ ဖျော်ဖြေမှုများ၊ ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လည်း ၎င်းက မှာကြားခဲ့သည်။

သက်ဆိုင်ရာ ဌာနများအနေဖြင့် မိမိတို့တာဝန်ယူထားသည့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ကြပ်မတ်ဆောင်ရွက်သွားပြီး လုံခြုံ‌ရေးအတွက် CCTV ကင်မရာများ တပ်ဆင်ရေးကိစ္စရပ်များကို YCDC အတွင်းရေးမှူးက တင်ပြဆွေးနွေးခဲ့သည်။

ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြပြီးနောက် ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)၊ စီမံရေးရာဌာန၊ ဌာနမှူးက ဦးစီးကော်မတီနှင့်လုပ်ငန်း ကော်မတီများဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် အခမ်းအနားပြင်ဆင်ရေးနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ဖျော်ဖြေတင်ဆက်ရေး လုပ်ငန်းကော်မတီ၊ ရေကစားမှုစီစဉ်ရေး လုပ်ငန်းကော်မတီ၊ ဧည့်ခင်းကျွေးမွေးရေးလုပ်ငန်း‌ကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ လမ်းရှင်းလင်းရေးနှင့် ယာဉ်ကြောထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေး၊ ဆုချီးမြှင့်ရေးနှင့် ဆုရသူများ စုစည်းရေးလုပ်ငန်းကော်မတီ၊ အကဲဖြတ်လုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ သန့် ရှင်းရေးလုပ်ငန်းကော်မတီ၊ လမ်းလျှောက်သင်္ကြန် ကျင်းပရေး လုပ်ငန်း ကော်မတီ၊ ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ နှင့် မဟာသင်္ကြန်ကျင်းပရေး လုပ်ငန်း ကော်မတီရုံးအဖွဲ့တို့မှ ပြင်ဆင်ဆောင်ရွက်မှုများအား အသီးသီးတင်ပြကြရာ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့ တော်ဝန်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယခုနှစ် ကျင်းပမည့် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် မြို့တော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများ၊ သဘင် ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှု အကအလှ ဖျော်ဖြေမှုများဖြင့် ပြည်သူများကို တင်ဆက်သွားမည့်အပြင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊ မူကြိုကျောင်းများ၊ ရုံး/အခြားဌာနများ၊ အလွတ်တန်း အဆင့်အလိုက် ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ဦးယိမ်းပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေမှုများပါ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here