နိုင်ငံကူးလက်မှတ်လျှောက်ထားသူများ လဝကမှ စိစစ်ထားသော UID နံပါတ်များယူဆောင်လာရမည်

0
390

Online မှ Booking ရရှိပြီးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားရာတွင် လဝကမှ စိစစ်ထားသော UID နံပါတ်များရှိပါက တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်) တွင် Online Booking တင်၍ QR စနစ်ဖြင့် (၂၇၀၀)ဦး နှုန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

” QR code ကျပြီးရင် သက်ဆိုင်ရာ လ.ဝ.က ရုံးမှာ Smart Card လိုဟာ သွားထုတ်ရတယ်။ တကယ်တော့ စာရွက်ဖြတ်ပိုင်းလေးပါပဲ။ အဲဒီစာရွက်ပြပြီးမှ ပတ်စ်ပို့ကို လုပ်ပေးတယ်” ဟု နိုင်ငံကူးလက်မှတ်လျှောက်ထားသူ တစ်ဦးကပြောသည်။

ထို့အပြင် နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်များတွင် နေ့စဉ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

အလားတူ ဖေဖော်ဝါရီ (၂၆) ရက်မှစတင်၍ မန္တလေး၊ ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့တွင် ဆောင်ရွက်နိုင်မည့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အိမ်ထောင်စု စာရင်းဝင် နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများအတွက် အဆင်ပြေချောမွေ့စေရေးအတွက် KBZPay / MPU Card ဖြင့် Online မှ Booking တင်၍ Appointment Date ရယူဆောင်ရွက်နိုင်ကြောင်း သိရသည်။

သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင်သူများ မဟုတ်ပါက Booking ရသော်လည်း ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အသိပေးထားသည်။

Online မှ Booking တင်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ Website ၏ www.passport.gov. mm တွင် ဝင်ရောက်လျှောက်ထားနိုင်ပြီး KBZPay / MPU Card ဖြင့် ငွေပေးချေခြင်းဖြင့် ကြားခံပွဲစား/ အကျိုးဆောင်များ မလိုအပ်ဘဲ ကာယကံရှင် ကိုယ်တိုင်သာ လျှောက်ထားနိုင်ရေးစီစဉ်ထားရှိခြင်းဖြစ်ကြောင်းလည်း အသိပေးထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here