ကြက်တောင် အားကစားမယ် သက်ထားသူဇာ ပဲရစ်အိုလံပစ်ဝင်ရောက်ရန် အဆင့်သတ်မှတ်ချက် (၂၂)နေရာတွင် ရပ်တည်နေပြီဖြစ်ဟုဆို

0
235

မြန့်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာအနေဖြင့် ယခုနှစ်အတွင်းကျင်းပပြုလုပ်မည့် ပဲရစ်အိုလံပစ်ပြိုင်ပွဲဝင်ရောက်ရန် အဆင့်သတ်မှတ်ချက်(၂၂)နေရာတွင် ရပ်တည်နေပြီဖြစ်ကြောင်း သူမ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ပေါ်ပြူလာနယူးစ်သို့ ယနေ့တွင် ပြောသည်။

” အိုလံပစ်က အဆင့်(၃၆)လောက်အထိ ကစားခွင့်ပေးတဲ့အထဲမှာ လက်ရှိသူက အဆင့် (၂၂)ပေါ့။ အဆင့်သတ်မှတ်ချက်က ပြီးခဲ့တဲ့နှစ် ဧပြီလကနေ အခုနှစ်ဧပြီလ အထိကောက်တာဆိုတော့ သူက အိုလံပစ်အတွက်ဝင်သွားပြီ။ ရာခိုင်နှုန်းအရဆို ဝင်ဖို့ ရာခိုင်နှုန်းများသွားပြီပေါ့။ ထပ်ရိုက်ရင်းနဲ့ အမှတ်တွေ ထပ်တက်လာရင် အဆင့်သတ်မှတ်ချက်ကတစ်ဖြည်းဖြည်း တိုးလာတာပေါ့”ဟု ၎င်းကရှင်းပြသည်။

ပဲရစ်အိုလံပစ်ပွဲတော်အား ယခု ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဩဂုတ်လအထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ သက်ထားသူဇာအနေဖြင့် အဆင့်သတ်မှတ်ချက်များ ထပ်မံရရှိရန် နိုင်ငံတကာဖိတ်‌ခေါ်ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်နေကြောင်း သိရသည်။

သက်ထားသူဇာအနေဖြင့် ယခုလအတွင်း ဆွစ်စလန်၊ စပိန်နှင့် တရုတ်နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲများတွင် သွားရောက် ယှဉ်ပြိုင်ရန် လေ့ကျင့်‌ပြင်ဆင်နေကြောင်းလည်း သိရသည်။

သူမသည် ပဲရစ်အိုလံပစ်ဝင်ခွင့် အဆင့်သတ်မှတ်ချက် (၂၂) နေရာတွင် ရပ်တည်နေသလို ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ အသိအမှတ်ပြုသည့် ကမ်ယာ့အဆင့်သတ်မှတ်ချက်(၄၂) နေရာတွင်လည်း ရပ်တည်နေသူတစ်ဦးဖြစ်သည်။

အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များသည် တစ်ကမ္ဘာလုံးရှိ လက်ရွေးစင် အမျိုးသမီး ကြက်တောင်မယ်များအတွက် သတ်မှတ်‌ပေးသည့် အဆင့်များဖြစ်သည်။

သက်ထားသူဇာသည် ၂၀၁၇ ခုနှစ်မှစ၍ အိုလံပစ်ပြိုင်ပွဲဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်အသိအမှတ်ပြု နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံဆုများဆွတ်ခူးနိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံး အမျိုးသမီး ကြက်တောင်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။

ဓာတ်ပုံ – သက်ထားသူဇာ Facebook


LEAVE A REPLY

Please enter your comment!
Please enter your name here