မြန်မာ – ရုရှားနှစ်နိုင်ငံအကြား ဆီထွက်သီးနှံ စိုက်ပျိုးမှုကို ပူးပေါင်းရန်ဆွေးနွေးခဲ့

0
154

မြန်မာနှင့် ရုရှားနိုင်ငံအကြား ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ တာဝန်ရှိသူတို့အကြား ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ NPP A – Engineering LLC Company မှ ကိုယ်စားလှယ်အဖွဲ့နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းတို့ မတ်လ (၁၄) ရက်က တွေ့ဆုံစဥ်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံ အမျိုးမျိုးမှ တစ်နှစ်လျှင် တန်ချိန် ၃၅၀၀၀ ထွက်ရှိမည့် စားသုံးဆီထုတ်လုပ်မှုလိုင်းတည်ဆောက်ရေး၊ ဆီကြိတ်ခွဲရာမှ ထွက်ရှိသည့်ဘေးထွက်ပစ္စည်းများဖြင့် တိရစ္ဆာန်အစားအစာနှင့် လောင်စာတောင့်များ ထုတ်လုပ်ရေး၊ သီးနှံများစိုက်ပျိုးခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ ကုန်ထုတ်လုပ်မှုကွင်းဆက်တလျှောက် စက်များတပ်ဆင်ခြင်းနှင့် စမ်းသပ်လည်ပတ်ခြင်း၊ ကြီးကြပ်ပေးခြင်းစသည့် လုပ်ငန်းများဆောင် ရွက်ရေးစသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ဧကများ အားလုံးတွင် သတ်မှတ်ပန်းတိုင်အထွက်နှုန်းများ ရရှိရေး၊ ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်ခြင်း၊ စိုက်နည်းစနစ်နှင့် စိုက်ချိန်မှန်ကန်ခြင်း၊ မြေပြုပြင်ခြင်းနှင့် သွင်းအားစုများထည့်သွင်းခြင်း၊ ပိုးမွှားရောဂါနှိမ်နင်းခြင်း၊ စနစ်တကျရိတ်သိမ်းခြွေလှေ့ခြင်း စသည့်ကိစ္စရပ်များကို နိုင်ငံတော်မှ တွန်းအားပေး ဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဆွေးနွေးခဲ့သည်။

စားသုံးဆီများကို အစားအစာ ဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ အဆင့်မြှင့်တင်ထုတ်လုပ်ရေး၊ မိရိုးဖလာဆီထုတ်လုပ်သည့် လုပ်ငန်းနည်းစနစ်မှ ပိုမိုကောင်းမွန်သည့် ဆီချောထုတ်လုပ်နိုင်ရန် ဆီသန့်စင်သည့် Refinery ဆိုင်ရာ နည်းပညာများလိုအပ်ခြင်းနှင့် ဆီသန့်စင်စက်များ ဝယ်ယူတင်သွင်းနိုင်ရေးတို့ကိုလည်း ဆက်လက် ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here