တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေး စခန်းများ ပိတ်ထားရလည်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု တိုးနေဆဲဟုဆို

0
177

ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသအချို့တွင် လအတန်ကြာ တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပိတ်ထားရသော်လည်း မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ တိုးတက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

ယခုဘဏ္ဍာနှစ် (၁၁) လကျော်ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကဏ္ဍမှ ကန်ဒေါ်လာ ၃ ဒသမ ၁၃ ဘီလီယံကျော်ကုန်သွယ်မှု ပြုလုပ်ထားပြီး ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၀၃ ဘီလီယံကျော်နှင့် သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၁ ဒသမ ၀၉ ဘီလီယံကျော် ဆောင်ရွက်ထားကြောင်း သိရသည်။

ယင်းပမာဏသည် ယခင်ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ သန်း ၃၀၀ နီးပါးလျော့ကျခဲ့ပြီး သွင်းကုန်တင်သွင်းမှုသည် ကန်ဒေါ်လာ ၆၁၆ ဒသမ ၇၈၇ သန်း တိုးမြင့်လာခြင်း ဖြစ်သည်။

အခြားသော နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်သည့် မြန်မာ-ထိုင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးဇုန်များတွင် ယခုဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုကဏ္ဍ လျော့ကျခဲ့ကြောင်း သိရသည်။

စီးပွားကူးသန်း၏ စာရင်းဇယားများအရ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၈၇၉ ဒသမ ၈၅၄ သန်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှ ၁၆ ဒသမ ၉၀၂ သန်း၊ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၁၃ ဒသမ ၁၀၀ လျော့ကျခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု ဆောင်ရွက်နေသည့် နယ်စပ်ဂိတ် အားလုံးနီးပါးမှာ ဒေသတွင်း တိုက်ပွဲများနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် လုပ်ငန်းများ ရပ်တန့်နေရပြီး လမ်းကြောင်း ပြောင်းလဲဆောင်ရွက်ခြင်း ၊ လမ်းကြောင်းသစ်ရှာဖွေခြင်းများ ဆောင်ရွက်နေရသည့်အပြင် ပယ်လယ်ရေကြောင်းမှ တင်ပို့/ တင်သွင်းခြင်းများကို လုပ်ဆောင်နေရသည့် အခြေအနေလည်းဖြစ်သည်။

မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ လယ်ယာထွက်ကုန်၊ မွေးမြူရေးနှင့်ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ ကုန်ထုတ်လုပ်မှုနှင့်အခြားသော ကုန်စည်များ အဓိကထား တင်ပို့နေပြီး ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်ပစ္စည်းနဲ့ CMP ကုန်ကြမ်းများ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here