နေပြည်တော်“လမ်းလျှောက်သင်္ကြန်”တွင် ကိုးရီးယား K-POP အဆိုရှင်များအားဖိတ်ခေါ်ထား

0
183

၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကာလ နေပြည်တော်ရှိ လမ်းလျှောက်သင်္ကြန်၌ K-POP အဆိုရှင်များနှင့် နာမည်ကြီး အနုပညာရှင်များပါဝင်သီဆို ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မတ်လ (၁၅) ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ယခင်နှစ်ကကဲ့သို့ လမ်းလျှောက်သင်္ကြန်ကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဖော်ဆောင်ရန် စီစဉ်‌နေကြောင်း သိရသည်။

နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို ရိုးရာပွဲတော်တစ်ခုအဖြစ် ပြည်သူများသာမက ဝန်ထမ်းများအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ဝန်ကြီးဌာနများရှိ ဝန်ထမ်းများ အားလုံး စုပေါင်းပျော်ရွှင်သည့် သင်္ကြန်ပွဲတော်တစ်ခုဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက‌ ဆိုသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ပေါင်းစပ်ညှိနှိုင်းကာ နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို အတတ်နိုင်ဆုံး စည်စည်ကားကားဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ပြီး အထူးအစီအစဉ်အနေဖြင့် Boss and Jobs Company နှင့် ကိုရီးယားကုမ္ပဏီများ ပူးပေါင်း၍ လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်တွင် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များနှင့် နာမည်ကြီး အနုပညာရှင်များ ပါဝင်သီဆိုကပြဖျော်ဖြေမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြားသည့် အနုပညာရှင်များကိုလည်း နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here